27.4 C
Yangon

ချောက်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်၊ ဂွမြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၂၇

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ကာ အမျိုးသမီး ၁ ဦးကို အဓမ္မ ပြုကျင့်ခဲ့သည့်အပြင် ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒေသခံများ၏ ပြောကြားချက်အရ ဇွန်လ ၂၁ ရက်နေ့ စလေချောင်းတက်ဘက်မှ စစ်ကြောင်းတစ်ကြောင်းနှင့် ဂွေပင်-မြဝတီတိုင်ဘက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်အား ၃၅၀ ခန့်ဖြင့် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းများက မြေပဒုံကျေးရွာမှ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း၊ ယင်းနောက် မကျီးစောက်ကျေးရွာမှ အမျိုးသမီးတစ်ဦးကိုလည်း အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ဇွန်လ ၂၅ ရက် ညနေ ၅ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆူးတောကျေးရွာသို့ ဝင်ရောက်မီးရှို့ခဲ့ရာ လူနေအိမ် ၈၀ လုံး၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် သရက်ပင်၊ မြေနီလိမ်၊ ညောင်ဇင်၊ ရွာမ၊ ဆူးတော၊ ကူဖြူ၊ ကံသစ်ကုန်း၊ တောင်သာတောင်၊ စမ်းစု၊ မြေပဒုံ၊ ဆူရစ်ကန်၊ ကုန်း၊ လေးပင်ကုန်း၊ တောင်သာမြောက်၊ ဝန်လို၊ သုံးဆင်၊ ကြိတ်ဆုတောင်၊ ကြိတ်ဆုမြောက်၊ ခပေါင်းသဲအရှေ့၊ ခပေါင်းသဲအနောက်၊ မင်းကန်၊ ဇောင်းတောကန်၊ သစ်ချိုကုန်း၊ ရွာငယ်ကံနှင့် ပွင့်လင်းကျေးရွာများအပါအဝင် ကျေးရွာ ၅၀ ခန့်မှ ပြည် သူ သောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒေသခံတစ်ဦးက “စစ်ကြောင်းက အခုထိ ဆက်ထိုးနေတုန်းပါ။ Mi-17 ရဟတ်ယာဉ်၊ ဒရုန်းစစ်ဆင် ရေးတွေအပြင် ကာမီကာဇီဒရုန်း၊ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေကိုပါ အသုံးပြုနေတဲ့အတွက် လေ ကြောင်းရန်ကို အထူးသတိထားနေရတယ်” ဟု ပြောဆိုသည်။

အလားတူ အာရက္ခပြည်၊ ဂွမြို့နယ်တွင်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး ဇွန်လ ၂၆ ရက် ညနေ ၃ နာရီခန့်တွင် ရေကျော်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတစ်လုံး၊ စာသင်ကျောင်းကို ပေါင် ၃၀၀ ဗုံးတစ်လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအပြီး ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် ကျိန္တလီမြို့ အမှတ် ၂ ရပ်ကွက်ကို ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများမှာ ရေကျော်ကျေးရွာမှ မောင်ထက်မြတ်သူ (၁၀ နှစ်)၊ ဦးဆန်းမင်း (၃၅ နှစ်)၊ ဦးဖိုးနီ (၇၅ နှစ်)၊ မဆုမြတ်မွန် (၁၃ နှစ်)၊ ဦးဝေရာမင်း (၄၅ နှစ်) နှင့် ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက်မှ မဆောင်းဟေမာန်ခင် (၁၈ နှစ်) တို့ဖြစ်ကြောင်း သိရပြီး ယင်းအနက်မှ ဒဏ်ရာရသူတစ်ဦးမှာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ ဆေးကုသမှုခံယူလျက်ရှိပြီး အရေးပေါ်ဆေးဝါးနှင့် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီသည် ဂွမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေပြီး ဇွန်လ ၂၃ ရက်က ကံ့ကော်တောင်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဇွန်လ ၂၀ ရက်ကလည်း ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက်ရှိ သိပ္ပံလမ်းနှင့် ကိန္နရီလမ်းကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ အာရက္ခစစ်မျက်နှာတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေချိန်၌ စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ရွာများ၊ ဘုန်းကြီးကျောင်းများ၊ စာသင် ကျောင်း များ၊ ဆေးရုံနှင့် ဆေးခန်းများ၊ ဈေးများနှင့် လူနေအဆောက်အအုံများကို လေကြောင်းမှ ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ- APM ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article