ရန်ကုန်၊ ဇွန် ၂၉
အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်ကို ဒုတိယဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ပေးပြီးနောက် ဒုရဲချုပ် (၁) ရဲဗိုလ်ချုပ် ဝင်းဗိုလ်ကို ရဲချုပ်အသစ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်နှင့် CDM ဗီုလ်ကြီး ဇင်ယော်တို့ထံမှ သိရသည်။
ယင်းရာထူးအပြောင်းအလဲနှင့်အတူ ရဲရေးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ရဲမှူးချုပ် ဝင်းမင်းသိန်းကို ရဲဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခန့်အပ်ပြီး ဒုရဲချုပ် (၁) အဖြစ် တာဝန်ပေးအပ်ထားကြောင်းလည်း သိရသည်။
အသစ်ခန့်အပ်ခံရသည့် ရဲချုပ် ရဲဗိုလ်ချုပ် ဝင်းဗိုလ်သည် စစ်တက္ကသိုလ် အပတ်စဉ် (၃၁) ကျောင်းဆင်း စစ်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့ပြီးနောက် ဒုရဲချုပ် (၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ ယခု ရဲချုပ်အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“ဗိုလ်ချုပ် စိုးလှိုင်ကို ဒုတိယဗိုလ်ချုပ်ကြီး အပွင့်တင်ပေးထားတုန်းပဲရှိသေးတယ်။ ဒုတိယဗိုလ်ချုပ် ကြီး အပွင့်တင်ပြီးတော့ ပြီးခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှ လူလုံးထွက်ပြတာ မကြာသေး ဘူးဆိုတော့ ဖြုတ်တာ ဖြစ်နိုင်ချေနည်းတယ်။ တနေရာ ရာကို ပြန်ပြီးတော့ အစားထိုးတဲ့ ကစားကွက် တစ်ခုလို့တော့ ထင်ရတယ်။ အရေးပေါ်လုပ်လိုက်တဲ့ အနေအထားမျိုးပဲ၊ ဒုချုပ် ၁ ဝင်းဗိုလ်ကို ရဲချုပ် ခန့်တယ်၊ ပြီးရင် ရဲရေးချုပ်လုပ်တဲ့ ဝင်းမင်း သိန်း ကို ဒုရဲချုပ် ၁ ဆိုပြီး ချက်ချင်းတမ်းခန့်တယ်၊ လက်တမ်းတိုးပလန်တော့ မဟုတ်ဘူး။ တစ်ခုခု အကြံအ စည်ရှိတယ်လို့ ယူဆရတယ်။ စိုးလှိုင်သတင်းကတော့ ပျောက်နေဆဲပဲ။” ဟု CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်သည် မင်းအောင်လှိုင်၏ ထီးတော်မိုးလုပ်ခဲ့သလို တပ်ချုပ်ဖြစ်သူ ရဲဝင်ဦး တပ်မ ၁၁ တပ်မမှူးဖြစ်ခဲ့စဉ် ဒုတပ်မမှူးအဖြစ် တာဝန်ခဲ့သူဖြစ်ကြောင်း၊ ထို့ကြောင့် ဒုတိယဗိုလ်ချုပ် ကြီး စိုးလှိုင်သည် မင်းအောင်လှိုင်နှင့် ရင်းနီးသလို တပ်ချုပ်ရဲဝင်းဦးနှင့်လည်း ရင်းနီးသည် ဆက်ဆံ ရေးရှိသူဖြစ်သဖြင့် စစ်ဖက်ဆိုင်ရာ တာဝန်တစ်ခုပေးရန်ပြောင်းရွေ့လိုက်သည့်အနေအထား ဖြစ်ကြောင်း ၎င်းက သုံးသပ်ထားသည်။
“အခုတပ်ချုပ်လုပ်တဲ့ ရဲဝင်းဦး ကတပ်မ ၁၁ မှာ တပ်မမှူးလုပ်ခဲ့တယ်။ အဲဒီ တပ်မ ၁၁ မှာ တပ်မမှူး လုပ်တဲ့အချိန်မှာ ဒုတပ်မမှူးက အခု စိုးလှိုင်ဖြစ်တယ်။ တပ်မ ၁၁ မှာ G1 လုပ်ခဲ့တဲ့သူကလည်း ဝက် ဘီ လူးမျိုးမင်းထွေး၊ နမခ တိုင်းမှူးလုပ်ခဲ့တဲ့သူပေါ့၊ သူတို့ ၃ ယောက်က ချိတ်ဆက် မှုရှိတယ်ဆိုတော့ ရဲချုပ်လုပ်တာလည်းမကြာသေးဘူး။ စိုးလှိုင်က မင်းအောင်လှိုင်ကိုလည်း ထီးတော်မိုးလုပ်ခဲ့သလို ရဲဝင်းဦးနဲ့ကလည်း နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ အနေအထားမျိုးဖြစ်တယ်။ အခုရဲချုပ်ကိုခန့်တာ၊ တာဝန်ပေးတာက တကယ် တမ်းက တပ်ချုပ်မှာပဲ တာဝန် ရှိတယ်။ အခုလုပ်တဲ့ပုံစံက မင်းအောင်လှိုင်ကပဲ တိုက်ရိုက်လုပ်တဲ့အနေအထားမျိုးပဲ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ်က တော်လှန် ရေးသမားများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ရာတွင် တိုင်းတပ်ဖွဲ့မှူး ဝင်းဗိုလ်က ရက်ရက်စက်စက်သတ်ဖြတ်ညှဉ် းပန်းနှိပ်စက်မှုများ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ယခင်ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်အား ရာထူးတိုးမြှင့်ပြီးနောက် မည်သည့်တာဝန်အသစ် ထမ်းဆောင်မည်ကိုမူ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။




