26.2 C
Yangon

မလေးရှားနိုင်ငံ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလုပ်သမား ၂၄ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇွန် ၃၀

မလေးရှားနိုင်ငံ ကဒါး (Kedah) ပြည်နယ်တွင် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ရည်ရွယ် ၍ အော်ပရာစီ (Ops) စီမံချက်ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား ၁၆ ဦးအပါအဝင် နိုင်ငံခြားသား ၄၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၂၉ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ကဒါးပြည်နယ် ကိုတာစီတား (Kota Setar) နှင့် ကူဘန်ပါဆု (Kubang Pasu) ခရိုင်များရှိ ဆိုင်ခန်းများနှင့် လုပ်ငန်းခွင်နေရာ ၁၀ ခုကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အရာရှိများနှင့် ပူးပေါင်းအဖွဲ့များက ဒေသခံများ၏ သတင်းပေးတိုင်ကြားချက်များအပေါ် အခြေခံ၍ အော်ပရာစီစီမံချက် ၃ ခုဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း မြန်မာ၊ မလေးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံသား စုစု ပေါင်း ၈၇ ဦးကို စစ်ဆေးခဲ့ရာ တရားဝင်ဗီဇာနှင့် အထောက်အထားစာရွက်စာတမ်း မရှိသည့် နိုင်ငံခြား သား ၄၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ၁၆ ဦး (အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၃ ဦး)၊ အင်ဒိုနီးရှားနိုင်ငံသား ၁၆ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးနှင့် ထိုင်းနိုင်ငံသား ၃ ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၂၂ နှစ်မှ ၅၄ နှစ်ကြားရှိသူများဖြစ်ပြီး မလေးရှားနိုင်ငံတွင် တရားဝင်နေ ထိုင် ခွင့်ဗီဇာ သို့မဟုတ် အလုပ်လုပ်ခွင့်ပါမစ် မရှိခြင်း၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်ခြင်း၊ အလည် အပတ်ဗီဇာနှင့် အလုပ်လုပ်ခွင့်ပါမစ်များကို အလွဲသုံးစားပြုခြင်း၊ စစ်ဆေးစဉ် တရားဝင်အထောက် အထားစာရွက်စာတမ်း မပြသနိုင်ခြင်းတို့ကြောင့် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၆ ဦးအပါအဝင် နိုင်ငံခြားသား ၄၂ ဦးကို ကဒါးပြည်နယ် စစ် (Sik) ခရိုင်ရှိ ဘီလန်တစ် (Belantik) လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မလေးရှားနိုင်ငံ ကလန်တန် (Kelantan) ပြည်နယ်တွင်လည်း ရေကြောင်းလမ်းမှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦးကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ကလန်တန်ပြည်နယ် ရေကြောင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၂၅ ရက် နံနက် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် တွန်ပတ် (Tumpat) ခရိုင်၊ ပါဆီပီကန်ဟီလီယာ (Pasir Pekan Hilir) ကျေးရွာအနီး ကလန်တန်မြစ်အတွင်း မလေးရှား ရေကြောင်းပူးပေါင်းလုံခြုံရေးတပ်ဖွဲ့က ရှောင်တခင်ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်စဉ် သံသယဖြစ်ဖွယ် စက်လှေတစ်စီးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ကွာလာဘီဆာ (Kuala Besar) ကျေးရွာဘက်မှ ကိုတာဘာရူး (Kota Bharu) မြို့ဘက်သို့ မီးများပိတ်ထားပြီး အရှိန်ပြင်းစွာ မောင်းနှင်လာသည့် အဆိုပါစက်လှေကို လိုက်လံဖမ်းဆီးခဲ့သော်လည်း စက်လှေမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ယင်းနောက် မြစ်ကမ်းတစ်လျှောက် ဆက်လက်ရှာဖွေရာ ခြုံတစ်ခုအတွင်း ပုန်းခိုနေသည့် မြန်မာနိုင်ငံသား ၈ ဦး (အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းချက်များအရ ဖမ်းဆီးခံရသူများသည် တရားဝင်ခရီးသွားလာခွင့် အထောက်အထားစာရွက်စာတမ်းများ မရှိဘဲ ကွာလာလမ်ပူမြို့ရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်၍ ကလန်တန်ပြည်နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့သည် မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် ပွဲစားများထံ မြန်မာအလုပ်သမားတစ်ဦးလျှင် မလေးရှားရင်းဂစ် ၆,၀၀၀ ခန့်စီ ပေးဆောင်ခဲ့ကြောင်း အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းချက်များအရ သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၈ ဦးကို ကလန်တန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနထံ လွှဲပြောင်းထားပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆက်လက်စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article