25.5 C
Yangon

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များကို စစ်တပ်နှင့် စည်ပင်က ဘက်ဟိုး၊ မြေကော်ကားများဖြင့် ညအချိန် အစအနပင် မကျန်အောင် ဖြိုချဖျက်ဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၂

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များကို စစ်တပ်နှင့် စည်ပင်က ဘက်ဟိုး၊ မြေကော်ကားများဖြင့် ညအချိန် အစအနပင် မကျန်အောင် ဖြိုချဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ ည ၁၀ နာရီအချိနမှစတင်၍ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်တွင် စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ၂ ရုပ်အကြမ်းဖက်စစ်တပ်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့က ဘက်ဟိုးများ၊ မြေကော်ကားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ်တွင် ဖြိုချဖျက်ဆီးခံရသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ၂ ရုပ်အနက် တစ်ရုပ်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်စိုက်ထူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်ပြီး၊ နောက်တစ်ရုပ်မှာ တောင်ဥက္ကလာပမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးကော်မတီနှင့် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တို့ဖြစ်သည်။

ဖြိုချဖျက်ဆီးရာတွင် ဘက်ဟိုးတင်ယာဉ်များအပါအဝင် ယာဉ် ၆ စီးခန့်၊ စစ်သားများနှင့် စည်ပင်ဝန်ထမ်းများ အင်အားအများအပြား အသုံးပြုခဲ့ကြောင်း၊ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းတွင် တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာပန်းခြံကိုလည်း ပိတ်ထားပြီး အများပြည်သူများ ဝင်ရောက်ခွင့်မပြုကြောင်း ဒေသခံများက ပြောသည်။

“မနေ့ည ၁၀ နာရီလောက်ကစပြီး ပဒေသာ ဗိုလ်ချုပ်ကြေးရုပ်ကို အရင်ဖျက်တယ်။ ပြီးတော့ သုမင်္ဂလာပန်းခြံထဲက ကြေးရုပ်ကိုလည်း ဘက်ဟိုးနဲ့ ဆက်ဖျက်တယ်။ ဘက်ဟိုးတင်ထားတဲ့ကားအပါအဝင် ယာဉ် ၆ စီးလောက်ရှိပြီး အင်အားလည်း အများကြီး ချထားတယ်။ ဒီမနက် ပန်းခြံကိုလည်း ပိတ်ထားတယ်” ဟု တောင်ဥက္ကလာပမှ ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ရာတွင် ပါဝင်ခဲ့သော NLD ပါတီဝင်တစ်ဦးက ပြောသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်များမှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်ပြည့် မွေးနေ့အမီ အများပြည်သူ ဂါရဝပြုနိုင်ရန် စိုက်ထူခဲ့ခြင်းဖြစ်သည်။

အဆိုပါကြေးရုပ်ကို ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်နိုင်ငံသို့ လွတ်လပ်ရေးဆွေးနွေးရန် သွားရောက်စဉ် ဝတ်ဆင်ခဲ့သည့် လောင်းကုတ်အင်္ကျီပုံစံဖြင့် သွန်းလုပ်ထားပြီး အမြင့် ၉ ပေ၊ ကြေးပိဿာချိန် ၃၀၀ ရှိကြောင်း သိရသည်။ ယင်းကြေးရုပ်ကို တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက်မှ ကော်မတီဝင် ၃၀ ဦးဖြင့် ဖွဲ့စည်းထားသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးကော်မတီက အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှု၊ တိုင်းပြည်အပေါ် ပေးဆပ်ခဲ့သည့် စွမ်းဆောင်ရည်များကို လူငယ်များ အတုယူနိုင်စေရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ယခင်က ကော်မတီက ထုတ်ပြန်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်ရှိ အခြားဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တည်ဆောက်ခဲ့သည့် ကြေးရုပ်ဖြစ်ပြီး သုမင်္ဂလာပန်းခြံအနီး ပဒေသာဈေးဘက်တွင် စိုက်ထူထားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကြေးရုပ်ကိုလည်း အဆိုပါညတွင်ပင် စစ်တပ်နှင့် စည်ပင်က ဘက်ဟိုးများဖြင့် ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အလားတူ ဇူလိုင်လ ၁ ရက် ည ၁၁ နာရီခန့်တွင် သာကေတမြို့နယ် မြကန်သာပန်းခြံအတွင်း စိုက်ထူထားသည့် သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုလည်း စစ်တပ်နှင့် စည်ပင်သာယာရေးအဖွဲ့က ဘက်ဟိုးများဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကြေးရုပ်မှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သာကေတမြို့နယ် ပြည်သူများ စုပေါင်းလှူဒါန်းငွေဖြင့် စိုက်ထူခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့အတွင်း မြို့နယ်အဆင့်တွင် ပြည်သူများကိုယ်တိုင် စုပေါင်းအလှူငွေဖြင့် တည်ဆောက်ခဲ့သည့် ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များအနက် တစ်ရုပ်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါကြေးရုပ်ကို ဗိုလ်ချုပ်အောင်ဆန်း၏ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်း ဆောင်ဘဝက သမိုင်းဝင်ဓာတ်ပုံပုံစံကို အခြေခံ၍ သွန်းလုပ်ထားခြင်းဖြစ်ပြီး သာကေတမြို့ခံများအတွက် သမိုင်းအစဉ်အလာနှင့် အမှတ်တရတန်ဖိုး ကြီးမားသည့် အထိမ်းအမှတ်တစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။

“ဒါက သာကေတ ပြည်သူတွေ ကိုယ်တိုင် စုပေါင်းပြီး စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်ရုပ်တုပါ။ ရုပ်တုကိုသာ ဖျက်ဆီးလို့ရပါတယ်။ အမေစုနဲ့ ဗိုလ်ချုပ်အောင်ဆန်းက ကျနော်တို့ရင်ထဲက စံပြ တိုင်းပြည်ခေါင်းဆောင်တွေပါ” ဟု သာကေတမြို့ခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံနှင့် သာကေတမြို့နယ် မြကန်သာပန်းခြံတို့တွင် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး အများပြည်သူများ ဝင်ရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ- တောင်ဥက္ကလာပမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စတင်သွန်းလုပ်ခဲ့စဉ်က ပုံများဖြစ်ပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article