26.7 C
Yangon

တောင်တွင်းကြီး၊ ရေစကြိုနှင့် မအူပင်မြို့ရှိ NLD အစိုးရ တည်ထားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များ အပါအဝင် အာဇာနည်ခေါင်းဆောင်များ၏ ကြေးရုပ်များကို စစ်တပ်က ဖျက်ဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၆

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နှင့် ရေစကြိုမြို့၊ ဧရာ၀တီတိုင်း၊ မအူပင်မြို့တို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များ အပါအဝင် အာဇာနည်ခေါင်းဆောင်များ၏ ကြေးရုပ်များကို စစ် တပ်က ဖြိုချဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင် ၅ ရက်နေ့ ညပိုင်းတွင် တောင်တွင်းကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ အာ ဇာနည်ရင်ပြင်မှ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အပါအဝင် အာဇာနည်ခေါင်းဆောင် ၉ ဦးစလုံး၏ ကြေးသွန်းရုပ်တုများကို စစ်တပ်က ဖျက်ဆီးဖယ်ရှားသွားခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက် ၇ နာရီလောက် သွားကြည့်တော့ ဗိုလ်ချုပ် ရုပ်တု အပါအဝင် အာဇာနည် ၉ ဦးရဲ့ ရုပ်တုတွေက ခုံတွေပဲကျန်ပြီး ရုပ်တုတွေ မရှိတော့ဘူး။ လမ်းပေါ်ကနေတောင် အတိုင်း သားမြင်ရတယ်။ ပြီးတော့ အစိမ်းရောင်အစတွေနဲ့ ပန်းခြံကို ကာထားပြီး ဝင်ကြည့်လို့မရတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

NLD အစိုးရလက်ထက် တောင်တွင်းကြီးမြို့ အာဇာနည်ရင်ပြင်တွင် အာဇာနည်ခေါင်း ဆောင် ၉ ဦးစလုံး၏ ကြေးသွန်းရုပ်တုများကို စုစည်းတည်ဆောက်ထားခြင်းဖြစ်ပြီး ဗိုလ် ချုပ်အောင်ဆန်း၏ ၉ ပေအမြင့် ကြေးရုပ်နှင့် ကျန်အာဇာနည် ၈ ဦး၏ ကြေးရုပ်များကို မန္တလေးမြို့ရှိ ချမ်းသာအောင် ကြေးသွန်းလုပ်ငန်းက သွန်းလုပ်ခဲ့ခြင်းဖြစ်သည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ် လွတ်လပ်ရေးပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိုလည်း ဇူလိုင် ၅ ရက်နေ့ ညပိုင်း ဖြိုချဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကြေးရုပ်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန် ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ကြေးရုပ်မှာ ခုံအပါအဝင် အမြင့် ၉ ပေခန့်ရှိကာ ကြေးပိဿာချိန် ၃,၀၀၀ ခန့်နှင့် တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၂၀ ကျော်ရှိကြောင်း သိရသည်။

ထို့အပြင် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ လယ်ကိုင်းကျေးရွာအဝင် လမ်းမထိပ်တွင် စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိုလည်း ဇွန်လ ၃၀ ရက် ညသန်းခေါင်ယံတွင် စစ်ကောင်စီတပ်က ဘက်ဟိုး (မြေတူးစက်) များ အသုံးပြု၍ လာရောက်ဖြိုဖျက်ကာ မော်တော်ယာဉ်များဖြင့် သယ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

စစ်တပ်က တစ်နိုင်ငံလုံးရှိ NLD အစိုးရ ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာ နည်ခေါင်း ဆောင်များ၏ ကြေးရုပ်များကို ဆက်တိုက်ဖျက်ဆီးနေခြင်းဖြစ်သည်။ ထိုသို့ ဖယ် ရှားရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များအားလုံးကို အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တောင်တွင်းကြီးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့် အာဇာနည်ခေါင်းဆောင်များ၏ ရုပ်တုများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article