27 C
Yangon

လွိုင်ကော်တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ခရစ်ယာန် ကက်သလစ် သီလရှင် ၁ ပါးကို စစ်တပ်က ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၈ လ ချမှတ်

Must read

ရန်ကုန်၊ ဇူလိုင် ၆

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနေသည့် ခရစ်ယာန်ကက်သလစ်သီလရှင် ၁ ပါးကို စစ်တပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် ထောင် ဒဏ် ၈ လ ချမှတ်လိုက်ကြောင်း သိရသည်။

အသက် ၅၀ အရွယ်ရှိ သီလရှင် ဆစ္စတာ ဘင်နီဒက်တာ ညာမိုး (Sr. Benedetta Nya Moe) သည် Sisters of Charity of Saints Bartolomea Capitanio and Vincenza Gerosa သီလရှင်အသင်းမှ ဖြစ်ပြီး၊ ဇွန်လ ၁၀ ရက်နေ့တွင် ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့အနီး၌ စစ်ဘေးရှောင် အမျိုးသမီးလူနာတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သီလရှင်နှင့်အတူ ဒေသခံ ၂ ဦးလည်း လိုက်ပါလာခဲ့ပြီး စစ်သားများက ၎င်းတို့၏ ဖုန်းများကို စစ်ဆေးရာ Kpay မိုဘိုင်းငွေလွှဲစနစ်မှ အလှူငွေလက်ခံထားသည့် မှတ်တမ်းများနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ သတင်းအချက်အလက်များကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံ ၂ ဦးကို ၄ ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သော်လည်း သီလရှင်ကို ဆက်လက်ထိန်းသိမ်းထားပြီး ဇွန်လ ၂၄ ရက်နေ့တွင် အကျဉ်းထောင်အတွင်းရှိ စစ်ခုံရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၈ လ ချမှတ်ခဲ့ကြောင်း သိရသည်။ ပြစ်ဒဏ်ချမှတ်သည့်နေ့မှာပင် လွိုင်ကော်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံရေးဆန့်ကျင်သူများ၊ အရပ်သားပြည်သူများနှင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက် သူများကို ဖမ်းဆီးအရေးယူရာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် ဥပဒေပုဒ်မဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်။

ကယန်းတိုင်းရင်းသူဖြစ်သည့် ဆစ္စတာ ညာမိုးသည် သီလရှင်ဘဝ အနှစ် ၂၅ ပြည့်မြောက်ခဲ့သူဖြစ်ပြီး လွိုင်ကော်ဂိုဏ်းချုပ်သာသနာနှင့် ပူးပေါင်းကာ ဒီမော့ဆိုမြို့နယ်နှင့် လွိုင်ကော်အနီးရှိ စစ်ဘေးရှောင်စခန်းများ၊ ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးထောက်ပံ့မှုနှင့် အာဟာရအစီအစဉ်များကို နှစ်ပေါင်းများစွာ ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း သိရသည်။

သီလရှင်နှင့် အတူလုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ဆစ္စတာ ညာမိုးသည် စစ်ဘေးရှောင်လူနာကို ဆေးရုံပို့ဆောင်နေစဉ် စစ်ကောင်စီတပ်နှင့် ကြုံတွေ့၍ ဖမ်းဆီးခံခဲ့ရခြင်းသာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကိုသာ ဆောင်ရွက်နေသူဖြစ်ကြောင်း ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ကက်သလစ်ဘုရားကျောင်းများနှင့် သီလရှင်အသင်းအဖွဲ့များက ဆစ္စတာ ညာမိုး ဘေးကင်းလုံခြုံစေရေး၊ စိတ်ခွန်အားရရှိရေးနှင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်လာရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဆစ္စတာ ညာမိုး အဓိက ကူညီဆောင်ရွက်ခဲ့သည့် ဒီမော့ဆိုမြို့နယ်သည် ယခင်က ကရင်နီတော် လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် ဒေသဖြစ်ပြီး စစ်ကောင်စီက မြို့ကို ပြန်လည်ထိန်းချုပ်ထားသည်ဟု ဆိုထားသော်လည်း ဒေသအများစုတွင် တော်လှန်ရေးတပ်ဖွဲ့များ ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်း ဒေသတွင်းအခြေအနေကို စောင့်ကြည့်နေသည့် အဖွဲ့အစည်းများက ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းခန့်ရှိသည့်အနက် ခရစ်ယာန်ဘာသာဝင်များမှာ ၆ ရာခိုင်နှုန်းခန့်ရှိပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်သူမှာ ၈၉ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြသော ခရစ်ယာန်သာသနာပြု သီလရှင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article