ရန်ကုန်၊ ဇူလိုင် ၉
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်အဖြစ် သွင်းကုန်လျှော့ချပြီး ပို့ကုန်တိုးမြှင့်ရေးမူဝါဒကို အကောင်အထည်ဖော်လာမှုကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် အခြေခံလူတန်းစားများ အဓိကအားထားသုံးစွဲနေသည့် စားအုန်းဆီများ စတင်ရှားပါးလာပြီး ပြင်ပဈေးကွက်၌ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ အထိ ဈေးမြင့်တက်လာကြောင်း ဆီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စစ်တပ်က နိုင်ငံခြားငွေအရန် လျော့နည်းလာမှုကြောင့် သွင်းကုန်များကို လျှော့ချနေပြီး ယင်းမူဝါဒအရ မြန်မာနိုင်ငံအတွင်း တင်သွင်းနေသော စားအုန်းဆီပမာဏကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် လျှော့ချထားသည့်အပြင် သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ ခွဲဝေချထားပေးမှုကိုလည်း ထိန်းချုပ်ထားကြောင်း မြန်မာနိုင်ငံစားအုန်းဆီကုန်သည်အသင်း သတင်းရင်းမြစ်က ပြောသည်။
မြန်မာနိုင်ငံသည် ပုံမှန်အားဖြင့် နှစ်စဉ် စားအုန်းဆီတန်ချိန် ၈ သိန်းမှ ၁ သန်းဝန်းကျင်အထိ တင်သွင်းနေရသော်လည်း ယခုနှစ်တွင် တင်သွင်းမှုပမာဏကို တန်ချိန် ၅ သိန်းကျော်ခန့်သာ ခွင့်ပြုထားကြောင်း သိရသည်။
ယင်းကြောင့် ဆီတင်သွင်းသူများနှင့် လက်ကားရောင်းချသူများက ဆီရောင်းချနေမှုများကို လျှော့ချလိုက်ပြီး ဆီလက်ကျန်များကို ထိန်းသိမ်းထားသဖြင့် ဈေးကွက်အတွင်း ဆီရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လာကြောင်း သိရသည်။
မြန်မာနိုင်ငံစားအုန်းဆီကုန်သည်အသင်း သတင်းရင်းမြစ်တစ်ဦးက “အခုက ပစ္စည်းပြတ်သွားတာတော့ မဟုတ်သေးဘူး။ ဒါပေမယ့် နောက်ပိုင်း ပြတ်တော့မယ်ဆိုတာ သေချာနေတာကြောင့် ရှိတဲ့ဆီကို မထုတ်ရောင်းဘဲ လှောင်ထားကြတယ်။ တင်သွင်းခွင့်လည်း လျော့သွားတော့ ဈေးကွက်ထဲမှာ ဆီရှားပြီး ဈေးတွေ တက်လာတာပါ” ဟု ရှင်းပြသည်။
စစ်တပ်က ယခု ဇူလိုင်လဆန်းပိုင်းမှစတင်၍ စားအုန်းဆီခွဲတမ်းကို ထပ်မံလျှော့ချလိုက်သဖြင့် ဆီစာအုပ်ဖြင့် ထုတ်ယူနေသူများပင် ယခင်ရရှိသည့် ပမာဏထက် လျော့နည်းလာပြီး အချို့မြို့နယ်များတွင် ဆီစာအုပ်ရှိသော်လည်း ဆီမထုတ်ပေးနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယခင်က လူတစ်ဦးလျှင် စားအုန်းဆီ ၂ ဒသမ ၂၅ ကျပ်သားနှုန်း ခွဲတမ်းပေးခဲ့သော်လည်း ယခုအခါ ၁ ဒသမ ၆၅ ကျပ်သားသို့ လျှော့ချထားကြောင်း၊ ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် ဆီခွဲတမ်းများကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချခံထားရသဖြင့် လက်ကျန်ခွဲတမ်းကို စားသုံးသူများအကြား မျှဝေဖြန့်ဖြူးပေးနေရကြောင်း ဆီဖြန့်ဖြူးရေးလုပ်ငန်းများနှင့် နီးစပ်သူများက ပြောသည်။
ရန်ကုန်မြို့မှ ဆွမ်းလောင်းအသင်းဥက္ကဋ္ဌတစ်ဦးက ” ကျနော်တို့ ဆွမ်းချက်တာ ဆီကို ပေပါလိုက် ဝယ်တာပါ။ အခု ဘယ်မှာမှ ရှာမရတော့ဘူး။ ဝယ်မရတော့ဘူး။ ဆီကို ရှာဝယ်လို့ကို မရတော့တာ။ ဇွန်လကုန်ပိုင်းလောက်စပြီး ဝယ်မရတော့တာ။ နီးစပ်ရာ ကုန်သည်တွေကို အကူအညီတောင်းပြီး ပိဿာချင်း လိုက်ဝယ်နေရတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်တိုင်း၊ အမှတ် ၄ မဲဆန္ဒနယ်မှ ကြံ့ဖွတ်ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဇော်ဝင်းသန့် ကလည်း စားအုန်းဆီခွဲတမ်း လျှော့ချမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်ထားပြီး ဆီကိုယ်စားလှယ်များ၏ လမ်းကြောင်းလွှဲရောင်းချမှုနှင့် တံဆိပ်ပြောင်းရောင်းချမှုများကို မတားဆီးနိုင်ဘဲ ပြည်သူများ၏ ခွဲတမ်းကိုသာ လျှော့ချခြင်းသည် “ဖိနပ်မတော်လို့ ဖနောင့်လှီးတဲ့ လုပ်ရပ်မျိုးပဲ” ဖြစ်ကြောင်း ရေးသားဝေဖန်ထားသည်။
၎င်းက “တကယ်ဖြေရှင်းရမှာက ဆီလမ်းကြောင်းလွဲရောင်းတာနဲ့ တံဆိပ်ပြောင်းရောင်းတာတွေကို ထိထိရောက်ရောက် အရေးယူဖို့ ဖြစ်တယ်။ ပြည်သူတွေရတဲ့ ခွဲတမ်းကို လျှော့လိုက်တာက ပြဿနာကို မဖြေရှင်းနိုင်ဘူး။ ဖြန့်ဖြူးမှုစနစ် ပွင့်လင်းမြင်သာဖို့ လိုတယ်” ဟု ထောက်ပြထားသည်။
ရန်ကုန်တိုင်းသည် မြန်မာနိုင်ငံအတွင်း တင်သွင်းလာသော စားအုန်းဆီ၏ ထက်ဝက်ကျော်ကို သုံးစွဲနေသည့် ဒေသဖြစ်ပြီး မြို့နယ် ၄၄ မြို့နယ်ရှိ လူဦးရေ ၈ သန်းခန့်အတွက် တစ်လလျှင် စားအုန်းဆီတန်ချိန် ၁၄,၈၅၀ ခန့်၊ ပိဿာအားဖြင့် ၉ သန်းခန့်ကို ခွဲတမ်းစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိသည်။
လွန်ခဲ့သည့် ၂ လခန့်မှစတင်၍ ပြင်ပဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး မြို့ဝင်မြို့ထွက်ဂိတ်များတွင် စားအုန်းဆီများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များလည်း ပိုမိုများပြားလာကြောင်း သိရသည်။
ထို့ပြင် အိမ်ထောင်စုအများအပြားက တစ်လလျှင် စားအုန်းဆီ ၂ ပိဿာပင် မရရှိတော့ကြောင်း တိုင်ကြားမှုများ မြင့်တက်လာခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနနှင့် စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ခွဲတမ်းကိုသာ ပိုမိုလျှော့ချလာခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စားအုန်းဆီခွဲတမ်း ဖြန့်ဖြူးမှု လျော့ကျလာခြင်းကြောင့် ပြင်ပဈေးကွက်၌ တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ အထိ ဈေးပေါက်နေပြီး ဇွန်လအတွင်းက လက်ကားဈေး ကျပ် ၁၂,၀၀၀ နှင့် လက်လီဈေး ကျပ် ၁၅,၀၀၀ ဝန်းကျင်သာ ရှိခဲ့သည့် အခြေအနေမှ ရက်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အစိုးရသတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးသည့် စားအုန်းဆီခွဲတမ်းများကို မြို့ပြဒေသရှိ ပြည်သူများသာ အဓိကရရှိနေပြီး ကျေးလက်ဒေသရှိ ပြည်သူများမှာ ခွဲတမ်းရရှိမှု အလွန်နည်းပါးနေကြောင်းလည်း သိရသည်။
စစ်ကောင်စီသည် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရန် စားအုန်းဆီတင်သွင်းမှုကို ဆက်လက်လျှော့ချပြီး ပြည်တွင်းဆီထွက်သီးနှံများ အစားထိုးသုံးစွဲရေးမူဝါဒကို အကောင်အထည်ဖော်နေသော်လည်း ယင်းမူဝါဒ၏ နောက်ဆက်တွဲအဖြစ် အခြေခံလူတန်းစားများအတွက် စားအုန်းဆီဝယ်ယူရရှိမှု ပိုမိုခက်ခဲလာပြီး ဈေးနှုန်းများလည်း ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဆီကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။




