25.1 C
Yangon

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံခွင့်ရရှိရေး ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့ပြီး နိုင်ငံတကာနှင့်အတူ ဆက်လက် ကြိုးပမ်းမည်ဟု ပြင်သစ်သမ္မတက အာမခံကတိပြု

Must read

ရန်ကုန်၊ ဇူလိုင် ၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ရရှိရေးအတွက် ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့ပြီး ဥရောပ၊ ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက်အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်ထံ ပေးပို့သော စာတွင် အာမခံကတိပြုထားသည်။

အဆိုပါစာကို ကင်မ်အဲရစ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင် ၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်သမ္မတ၏ စာတွင် သမ္မတဦးဝင်းမြင့်ကို စည်းကမ်းချက်များဖြင့် စစ်တပ်က ပြန်လည်လွှတ်ပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရှိခြင်းဆိုင်ရာ ထုတ်ပြန်ချက်များကို သတိပြုမိကြောင်း ၊ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ထံသို့ သူ ပေးပို့ခဲ့သည့် စာတွင် တောင်းဆိုထားသည့် အချက်များမှာ ပြောင်းလဲမှုမရှိကြောင်း ပြင်သစ်သမ္မတက ပြောကြားထားသည်။

ပြင်သစ်နိုင်ငံအနေဖြင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ကြိုတင်လိုအပ်ချက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက် ချင်းပြန်လွှတ်ပေးရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတက ပြောဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ရရှိပိုင်ခွင့်၊ ရှေ့နေများနှင့် မိသားစုဝင်များကို တွေ့ဆုံဆက်သွယ်ခွင့် အပါအဝင် အခြေခံအခွင့်အရေးများကို အပြည့် အဝ လေးစားလိုက်နာရမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတက အလေးပေးပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြနိုင်ရေး ရည်ရွယ်သည့် “Proof of Life” လှုပ်ရှားမှုကို ကြိုဆိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ထိန်းသိမ်းခံထားရသည့် အခြေအနေများအပေါ် ကင်မ်အဲရစ်၏ စိုးရိမ်ပူပန်မှုများကို နားလည်ကြောင်းလည်း စာတွင် ဖော်ပြထားသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ရရှိရေး တောင်းဆိုချက်ကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်းနှင့် ယခုနှစ် မေလ ၂၅ ရက်တွင် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် ပါရီမြို့သို့ လာရောက်စဉ် ယင်းအရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပြင်သစ်သမ္မတက ပြောဆိုသည်။

ပြင်သစ်နိုင်ငံသည် မြန်မာနိုင်ငံတွင် လက်တွေ့ကျသော တိုးတက်မှုများ ဖြစ်ပေါ်လာစေရန် စစ်ကောင်စီအပေါ် ဖိအားပေးသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် ပြင်း ထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် လုပ်ရပ်များအတွက် တာဝန်ရှိသူများကို ပစ်မှတ်ထားသည့် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးရန် ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်တွင် ပြင်သစ်နိုင်ငံက ထောက်ခံခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရေးကိစ္စ၊ ၎င်း၏ အခြေခံရပိုင်ခွင့်များ အပြည့်အဝပြန်လည်ရရှိရေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး၏ အရေးကိစ္စများအတွက် ပြင်သစ်နိုင်ငံအနေဖြင့် ဥရောပ၊ ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက်တက်ကြွစွာ အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတက အာမခံကတိပြုထားသည်။

ပြင်သစ်သမ္မတ၏ စာကို လက်ခံရရှိပြီးနောက် ကင်မ်အဲရစ်ကလည်း လူမှုကွန်ရက်မှတစ်ဆင့် ပြင်သစ်နိုင်ငံ၏ ခိုင်မာသည့် မူဝါဒနှင့် မြန်မာပြည်သူများဘက်မှ အမြဲရပ်တည်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် မိသားစု၏ စိုးရိမ်ပူပန်မှုများကို နားလည်ပေးခြင်း၊ “Proof of Life” လှုပ်ရှားမှုကို ထောက်ခံပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုနှင့် ဆက်သွယ်ခွင့်၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်၊ သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်တို့ကို လေးစားရမည်ဟု ပြင်သစ်နိုင်ငံက အလေးအနက်ထား ပြောကြားပေးခြင်းအတွက် အထူးကျေးဇူးတင်ကြောင်း ကင်မ်အဲရစ်က ရေးသားထားသည်။

ကင်မ်အဲရစ်က အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်ရရှိရေးကို ပြင်သစ်နိုင်ငံက ထောက်ခံပေးခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးအတွက် နိုင်ငံတကာမိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည့်အတွက် အားတက်ရကြောင်း ပြောကြားထားသည်။

လက်ရှိအချိန်အထိ မိသားစုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆက်အသွယ် လုံးဝမရရှိသေးသည့်အပြင် အသက်ရှင်နေခြင်း ရှိ၊ မရှိကိုပင် မသိရှိရသေးကြောင်း၊ ယင်းအခြေအနေတွင် ပြင်သစ်နိုင်ငံ၏ ရပ်တည်ချက်နှင့် လူ့အခွင့်အရေးအပေါ် ခိုင်မာသည့် ကတိကဝတ်များသည် မိသားစုအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်နေကြောင်း ကင်မ်အဲရစ်က ရေးသားထားသည်။

ထို့အပြင် မြန်မာပြည်နှင့်အတူ ဆက်လက်ရပ်တည်ပေးနေသည့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ပြင်သစ်အစိုးရနှင့် ပြင်သစ်ပြည်သူများအားလုံးကို စိတ်နှလုံးသားထဲမှ အထူးကျေးဇူးတင်ရှိကြောင်း ကင်မ်အဲရစ်က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article