ရန်ကုန်၊ ဇူလိုင် ၉
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် အထိုင်ချထားသော လုံခြုံရေးဘန်ကာစောင့် စစ်သားများက လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးကာ ဖုန်းများ လိုက်လံစစ်ဆေးခြင်း၊ ငွေကြေး အဓမ္မတောင်းခံခြင်း၊ မပေးသူများကို ထိုးကြိတ်ခြင်းများ ပြုလုပ်ကာ အမျိုးသမီးများကိုလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ရသောပြည်သူများက ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် သမိုင်းလမ်းဆုံအနီး ဖြတ်သန်းသွားလာသည့် ပြည်သူအချို့ကို ဘန်ကာအတွင်းရှိ စစ်သားများက တားဆီးစစ်ဆေးခဲ့ပြီး၊ ဖုန်းအတွင်း စစ်ဆေးစရာ တစ်စုံတစ်ရာ မတွေ့ရှိသည့်တိုင်အောင် ငွေကျပ် ငါးသောင်းကို အဓမ္မတောင်းခံခဲ့ကြောင်း သိရသည်။
ထိုသို့ တောင်းခံရမှုအပေါ် ကာယကံရှင်ပြည်သူက ၎င်းတို့တွင် ယင်းသို့ တောင်းပိုင်ခွင့် ရှိ၊ မရှိ မေးမြန်းရာ ဘန်ကာအတွင်းမှ အခြားစစ်သား တစ်ဦး ထွက်လာပြီး အဆိုပါပြည်သူကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ စစ်သားများသည် လမ်းသွားလမ်းလာ ချစ်သူစုံတွဲများကိုလည်း ခေါ်ယူကာ ဖုန်းများ တောင်းစစ်ခဲ့ပြီး ငွေကြေးတောင်းခံသည့်အပြင်၊ ၎င်းတို့နှင့်အတူ ပါလာသည့် အမျိုးသမီးငယ်များကိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှောင့်ယှက်မှုများနှင့် ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးငယ်များမှာ ကြောက်လန့်တကြားဖြစ်ကာ မည်သို့မျှ ပြန်လည်မပြောရဲဘဲ ငြိမ်ခံနေရကြောင်း သိရှိရသည်။
ကိုယ်တိုင်ကြုံတွေ့ရသူပြည်သူတစ်ဦးက “စစ်ခွေးတွေက တော်တော်လေးကို လူပါးဝပါတယ်။ သမိုင်းလမ်းဆုံမှာရှိတဲ့ ဘန်ကာထဲက စစ်ခွေးတွေ မနေ့က နေ့လယ်ပိုင်းလောက်မှာ အနားက လမ်းသွားလမ်းလာတွေကို ဖုန်းတွေ တောင်းစစ်ပါတယ်။ ဖုန်းထဲမှာဘာမှမတွေ့ရင် ပိုက်ဆံ ၅ သောင်းတောင်းပါတယ်။ အတောင်းခံရတဲ့ပြည်သူက မင်းတို့မှာ အဲဒီလိုတောင်းပိုင်ခွင့်ရှိလားလို့မေးလို့ ထိုးကြိတ်တာတွေပါ လုပ်သွားတယ်။ နောက်ပြီး ချစ်သူစုံတွဲတွေကိုလည်း ဖုန်းတောင်းစစ်တယ် ငွေတောင်းတဲ့အပြင် အတူပါလာတဲ့ ချစ်သူမိန်းကလေးတွေကိုလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတယ်။ ကောင်မလေးတွေလည်း ကြောက်လို့ဘာမှပြန်မပြောရဲဘဲ ငြိမ်ခံနေရပါတယ်” ဟု ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ လမ်းဆုံလမ်းခွများတွင် လုံခြုံရေးဘန်ကာများ ဆောက်လုပ်ခဲ့ပြီး စစ်သားများကို လုံခြုံရေးအဖြစ် ချထားခဲ့ခြင်းဖြစ်သည်။




