ရန်ကုန်၊ ဇူလိုင် ၉
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် လယ်သမား သားအဖ ၂ ဦး သေဆုံးခဲ့ကြောင်း Indaw Revolution-IR အဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။
ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် အင်းတော်မြို့နယ်၊ ကမ်းနီရွာထိပ်ရှိ လယ်တောအတွင်း လယ်လုပ်နေသော ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုအတွင်း လယ်တောထဲတွင် ရှိနေသည့် လယ်သမား သားအဖ ၂ ဦးဖြစ်သော အသက် ၇၀ အရွယ် ဦးဂျာ နှင့် အသက် ၄၀ ကျော်အရွယ် ဦးနေအောင်တို့သည် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အင်းတော်မြို့နယ်နှင့် မော်လူးမြို့အနီးတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ကားလမ်းများလည်း ပိတ်ဆို့နေ၍ ဒေသပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို ဂရုစိုက်ကာ သွားလာကြရန် Indaw Revolution-IR အဖွဲ့က အသိပေး ပြောဆိုထားသည်။
“အင်းတော်နားမှာက တိုက်ပွဲတွေလည်းရှိတော့ စစ်ခွေးတွေက သူတို့ မသင်္ကာဘူးဆိုတာနဲ့ ဒရုန်းနဲ့ ဗုံးကျဲတာ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ နေ့တိုင်း လိုလိုလုပ်နေတာ ပြည်သူတွေမှန်း သိလည်း ပစ်တာပဲ အဲတာကြောင့် ခရီးသွားပြည်သူတွေ သတိထား သွားကျဖို့ ပြောချင်တယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်လည်း စစ်တပ်က လယ်လုပ်ပြီး ပြန်လာသည့် ပြည်သူ ၁ ဦး ကိုပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့တွင် ကျခတ္တန်းကျေးရွာ၌ နေထိုင်သည့် အသက် ၅၈ နှစ်အရွယ် လယ်သမား ဦးကြည်စိုးသည် လယ်ထဲသို့ သွားရောက်ပြီးနောက် ရွာသို့ ပြန်လာစဉ်အတွင်း ကျေးရွာအတွင်း ရောက်ရှိတပ်စွဲထားသော စစ်တပ်က ပစ်ခတ်မှုကြောင့် ပေါင်ကိုကျည်ထိမှန်ကာ ဆေးရုံသို့ ပို့ဆောင်စဉ် သွေးထွက်လွန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်တပ်က ပစ်သတ်၍ သေဆုံးသွားသော ဦးကြည်စိုး၏ ရုပ်အလောင်းကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကျခတ္တန်းကြီးရွာသို့ မိသားစုဝင်များက ပြန်လည် သယ်ဆောင်လာကြောင်း သိရှိရသည်။
“စစ်ခွေးတွေ အကြောင်းမဲ့ကို ပစ်သတ်လိုက်တာ သူက လယ်လုပ်ပြီး ရွာထဲပြန်လာတာကို စစ်ဆေးမေးမြန်းတာတွေ မလုပ်ဘဲနဲ့ ပစ်ခတ် သတ်ဖြတ်လိုက်တာ ရုပ်အလောင်းကို ဒီနေ့ပဲ ကြို့ပင်ကောက်မြို့ပေါ်ကနေ ပြန်သယ်လာပြီးလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။




