25.9 C
Yangon

ပေါက်မြို့နယ်တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ထောက်ရှာပင်ရွာကို မီးရှို့

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ထောက်ရှာပင်ရွာကို မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ပေါက်မြို့နယ်အရှေ့ပိုင်းရှိ ထောက်ရှာပင်ကျေးရွာတွင် ရောက်ရှိတပ်စွဲထားသည့် စစ်တပ် စစ်ကြောင်းက ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ထောက်ရှာပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် အနောက်ဘက်သို့ စစ်ကြောင်း ဆက်ထိုးရန် စတင်ထွက်ခွာနေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၉ ရက်နေ့ကလည်း ထောက်ရှာပင်ရွာတွင် စစ်တပ် စစ်ကြောင်း ရှိနေစဉ် လေယာဉ်ဖြင့် ရိက္ခာထုပ်များကျဲချ ပို့ဆောင်ပေးခဲ့သေးကြောင်း၊ လက်ရှိချိန်တွင် စစ်ကြောင်းသည် အင်အား ၆၀၀ နီးပါးရှိကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းက ဘယ်ရွာတွေကို ဆက်ထိုးမလဲတော့မသိသေးဘူး။ အခုတော့ ထောက်ရှာပင်ရွာကထွက်နေတယ်။ ရွာထဲ ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ကြောင့် ပေါက်မြို့နယ်အရှေ့ပိုင်းနှင့် မြိုင်မြို့နယ်အနောက်တောင်ပိုင်းရှိ ပြည်သူများအနေဖြင့် စစ်တပ် စစ်ကြောင်း သတင်းများကို အထူးဂရုပြုနားစွင့်ကာ လုံခြုံရေးအတွက် သတိဝရိယဖြင့် နေထိုင်ကြပါရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။

မြိုင်မြို့နယ် အတွင်း စစ်တပ် စစ်ကြောင်းထိုးစဉ်က သာစည်ရွာမှ အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ရွာမှ အသက် ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ရွာမှ စိတ်ရောဂါ ခံစားနေရသော အသက် ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထိလာရွာမှ အသက် ၃၂ နှစ်အရွယ် ကိုနေဇော် နှင့် မိတ္ထိလာရွာမှ အသက် ၃၃ နှစ်အရွယ် ကိုမင်းမင်းဦး တို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၇ ရက်နေ့ကလည်း စစ်တပ် စစ်ကြောင်းက မြဇီးတောရွာမှ ရွာဦးဘုန်းကြီးကျောင်း ဇရပ် ၂ ခု ၊ ပြည်သူပိုင် နေအိမ် ၂၀ ကျော်၊ ဖောကား ၁ စီး၊ မြေတူးစက် ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော် ဆိုင်ကယ် ၁၇ စီး၊ အိမ်သုံး ပရိဘောဂအမျိုးမျိုးနှင့် စားနပ်ရိက္ခာ အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article