ရန်ကုန်၊ ဇူလိုင် ၁၂
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်နှင့် နခွန်ဆီထာမရတ်ခရိုင်၊ ချအော့မြို့နယ်တို့တွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ် သမား စုစုပေါင်း ၂၅ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ လုံခြုံရေးပူးပေါင်းအဖွဲ့က စံခလပူရီမှ သောင်ဖာဖူးခရိုင်ဘက်သို့ ဦးတည်မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် Toyota Revo ကား ၁ စီးကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကားအတွင်း စစ်ဆေးရာ မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့်အထောက်အထား တစ်စုံတစ်ရာမရှိဘဲ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၆ ဦးနှင့် ၎င်းတို့ကို သယ်ဆောင်လာသူ လမ်းပြပွဲစားအမျိုးသမီး ၁ ဦးကို တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၆ ဦးတွင် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁ ဦး ပါဝင်ပြီး ၎င်းတို့ကို သယ်ဆောင်လာသူမှာ ဆိုင်းယုခရိုင်တွင် နေထိုင်သည့် နိုင်ငံသားမဟုတ်သူ မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသော နန်းယင်း (Ms. Yin) ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက စိစစ်တွေ့ရှိခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၆ ဦးကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စွဲချက်တင်ထားပြီး ကွင်းဆက်လူမှောင်ခိုသမားများကို ဆက်လက်ဖော်ထုတ်နိုင်ရန် စံခလပူရီရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းအပ်နှံကာ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ နခွန်ဆီထာမရတ်ခရိုင် (Nakhon Si Thammarat)၊ ချအော့မြို့နယ် (Cha-uat) တွင်လည်း တရားမဝင် ခိုးဝင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦးနှင့် ၎င်းတို့ကို ကား ၃ စီးဖြင့် သယ်ဆောင်လာသည့် ထိုင်းနိုင်ငံသား ၅ ဦးကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ချွန်ဖွန်ခရိုင် (Chumphon) မှ ဆောင်ခလာခရိုင် (Songkhla) ဘက်သို့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကားများဖြင့် သယ်ဆောင်မည်ဟု သတင်းရရှိသဖြင့် နခွန်ဆီထာမရတ် အဝေးပြေးရဲတပ်ဖွဲ့က စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က ချအော့မြို့နယ်၊ ကော့ခန်ကျေးရွာအုပ်စုအနီး အမှတ် ၄၁ အဝေးပြေးလမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၄၆ တွင် အသင့်စောင့်ဆိုင်းနေစဉ် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းနိုင်ရန် လမ်းကြောင်းရှင်းပေးသည့် ရှေ့ပြေးကား ၁ စီးနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် မှန်အမည်းရောင် အလုံပိတ်ကား ၂ စီးကို တစ်ပြိုင်နက်တည်း ကြားဖြတ်တားဆီး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
ကားများအတွင်း စစ်ဆေးရာ တရားဝင်အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၉ ဦးနှင့် ထိုင်းနိုင်ငံသား ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကား ၃ စီးနှင့် လက်ကိုင်ဖုန်းအများအပြားကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များ၏ စစ်ဆေးမေးမြန်းမှုအရ ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသားများက ချွန်ဖွန်ခရိုင်မှ မြန်မာအလုပ်သမားများကို ဆောင်ခလာခရိုင်သို့ ပို့ဆောင်ပေးရန် တစ်ခေါက်လျှင် ဘတ် ၇,၅၀၀ ဖြင့် ငှားရမ်းခံရခြင်းဖြစ်ပြီး ယင်းကဲ့သို့ သယ်ဆောင်ပေးခဲ့သည်မှာ ၃ ကြိမ်ခန့်ရှိပြီဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦးကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စွဲချက်တင်ထားပြီး ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသား ၅ ဦးနှင့် သက်သေခံပစ္စည်းများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ချအော့မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရှိရသည်။






