ရန်ကုန်၊ ဇူလိုင် ၁၂
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံရောက်ရှိနေသော အကြမ်းဖက် စစ်တပ် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကဲယိုက ယမန်နေ့ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကဲယိုနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့ တွေ့ဆုံပြီး နယ်စပ်လုံခြုံရေး၊ မြစ်ရေညစ်ညမ်းမှုနှင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၁ ရက်နေ့ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကဲယိုက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေကို လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တင်မောင်ဆွေသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့အကြား ပြုလုပ်မည့် အလွတ် သဘောအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။
တွေ့ဆုံမှုအတွင်း ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအကြား ကာလရှည်ကြာ နီးကပ်သည့် အိမ်နီးချင်းဆက်ဆံရေးကို နှစ်ဖက် ပြန်လည်အတည်ပြုခဲ့ကြောင်း၊ နယ်စပ်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် အထူးသဖြင့် မြစ်ရေညစ်ညမ်းမှုပြဿနာတို့ကို ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ပိုမိုလွယ်ကူချောမွေ့စေရေးနှင့် နှစ်နိုင်ငံအကြား စီးပွားရေးချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရေးအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း နှစ်ဖက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီနှင့် အာဆီယံအကြား ထိတွေ့ဆက်ဆံရေး၊ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တို့နှင့် ပတ် သက် ၍လည်း နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။






