ရန်ကုန်၊ ဇူလိုင် ၁၆
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကာသန်းက လူသတ်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ဖူးသော ထောင်ထွက် သစ်မှောင်ခိုသမား ပေါင်ချိန် (ခ) ဇော်ဇော်အောင်ကို လက်သပ်မွေးကာ လူ ငယ် များကို နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးပြီး လူငယ်တစ်ဦးလျှင် ကျပ်သိန်း ၁၅၀ အထိ မတရား ခြိမ်း ခြောက် တောင်းယူ ငွေညှစ်နေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကာသန်းက ရာထူးခန့်အပ်ရန် သတ်မှတ်ချက်များနှင့် မညီညွတ်သည့်အပြင် လူသတ်မှုဖြင့် ထောင်ဒဏ်ကျခံဖူးသည့် သစ်မှောင်ခိုသမား ပေါင်ချိန် (ခ) ဇော်ဇော်အောင်ကို တပည့်အဖြစ် လက်သပ်မွေးကာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တရားမဝင် ခန့်အပ်ထားကြောင်း သိရှိရသည်။ ထောင်ထွက် လူသတ်သမား အုပ်ချုပ်ရေးမှူး ဇော်ဇော်အောင်က မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကျောထောက်နောက်ခံဖြင့် ဒေသခံလူငယ်များကို အဓိက ပစ်မှတ်ထားကာ ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့် ဒေသခံလူငယ်တစ်ဦး၏ မိခင်ဖြစ်သူက “ကျွန်မတို့ ကလေးတွေကို စစ်မှုထမ်းဖို့ဆိုပြီး လမ်းပေါ်ကနေ ပေါ်တာဆွဲ လိုက်ဖမ်းတာ။ ပိုက်ဆံမပေးနိုင်တဲ့ အိမ်က ကလေးတွေကိုကျတော့ တခြား ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ လူစားထိုးဖို့ ပြန်ရောင်းစားတယ်။ ပိုက်ဆံတတ်နိုင်တဲ့ မိသား စုတွေဆီကကျတော့ လူငယ်တစ်ယောက်ကို သိန်း ၁၅၀ အထိ မရရအောင် ခြိမ်းခြောက်တောင်း ပြီးမှ ပြန်လွှတ်ပေးတာ။ အဲဒီလို ညှစ်လို့ရတဲ့ငွေတွေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကာသန်းနဲ့ သူတို့တစ်ဖွဲ့လုံး ခွဲယူကြတယ်လို့ သိရတယ်”ဟု ပြောဆိုသည်။
ယင်းအပြင် ရဲတပ်ဖွဲ့က စစ်မှုထမ်းကိစ္စရပ်များအတွက် လိုအပ်သည့် ပုံစံ ၂ ကို အုပ်ချုပ်ရေးပိုင်းထံသို့ တောင်းခံရာတွင်လည်း အုပ်ချုပ်ရေးမှူး ဥက္ကာသန်းနှင့် အဖွဲ့က ထုတ်မပေးသဖြင့် ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် လူစုဆောင်းရန် ခက်ခဲနေပြီး မြို့အတွင်း ပြဿနာများ ပိုမိုဆိုးရွားလာနေသည်။
ဒေသခံပြည်သူတစ်ဦးက “အုပ်ချုပ်ရေးမှူး ဥက္ကာသန်းက စစ်မှုထမ်း စာရင်းတွေကို သူ့လက်ထဲမှာပဲ ဆုပ်ကိုင်ထားပြီး ရဲတွေကို ပုံစံ ၂ ထုတ်မပေးဘူး။ သူက လူသတ်သမား ဇော်ဇော်အောင်ကို သုံးပြီးတော့ လူငယ်တွေကို လိုက်ဖမ်းခိုင်း၊ ပြီးရင် ငွေညှစ်တဲ့အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်နေတာ။ ရဲတွေလည်း စစ်မှုထမ်းကိစ္စ လုပ်ဖို့ လူစုမရတော့ အုပ်ချုပ်ရေးပိုင်းနဲ့ ရဲကြားထဲမှာပါ ပြဿနာတွေ တက်နေပြီး မြို့ထဲမှာ အတော်လေး ရှုပ်ထွေးနေပါတယ်”ဟု ပြောဆိုသည်။
အဆိုပါ ရေတာရှည်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးမှူး ဇော်ဇော်အောင်တို့၏ စစ်မှုထမ်းအကြောင်းပြ ပေါ်တာဆွဲ ငွေညှစ်နေမှုများနှင့် ပတ်သက်၍ ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပြီး အမြန်ဆုံး အရေးယူပေးရန် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး (လုံ/နယ်ဝန်ကြီး) ဗိုလ်မှူးကြီး ညီလန်းချိုထံသို့ ဒေသခံများက တိုင်ကြားထားကြောင်း သိရှိရသည်။




