25.2 C
Yangon

မိုးညိုမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကြံ့ဖွတ်ပါတီဝင်များက လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီး ချုပ်နှောင်သိုလှောင်ထား၊ လူတစ်ဦးလျှင် သိန်း ၂၀၀ ဖြင့် ပြန်ရွေးခိုင်းကာ မရွေးနိုင်သူများကို စစ်မှုထမ်းလူစားထိုးဈေးကွက်တွင် သိန်း ၁၀၀ ဖြင့် ရောင်းချ

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်၊ ရေလယ်သောင်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကြံ့ဖွတ်ပါတီဝင်များက လူငယ်များကို စစ်မှုထမ်းရန် အတင်းအကျပ်ဖမ်းဆီးချုပ်နှောင်ထားပြီး ငွေကြေးဖြင့် ပြန်လည်ရွေးယူခိုင်းနေသည့်အပြင် ငွေမပေးနိုင်သူများကို စစ်မှုထမ်းလူစားထိုးဈေးကွက်အတွင်း ရောင်းချမှုများအထိ လုပ်ဆောင်နေကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရေလယ်သောင်ကျေးရွာတွင် စစ်မှုထမ်းအတွက် လူငယ်များကို ဆက်တိုက်ဖမ်းဆီးနေပြီး လက်ရှိတွင် လူငယ်အနည်းဆုံး ၂၀ ဦးမှ ၅၀ ဦးအထိ ချုပ်နှောင်ထားကြောင်း သိရသည်။ ဖမ်းဆီးခံထားရသူများကို မိသားစုများက ပြန်လည်ခေါ်ယူလိုပါက လူတစ်ဦးလျှင် ငွေကျပ် သိန်း ၂၀၀ ခန့် ပေးဆောင်ရပြီး ငွေမပေးနိုင်သူများကို စစ်မှုထမ်းစာရင်းတွင် ထည့်သွင်းခြင်း သို့မဟုတ် စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ပြုလုပ်သည့် ဈေးကွက်သို့ လွှဲပြောင်းရောင်းချခြင်းများ ရှိနေကြောင်း ဆိုသည်။

“ရေလယ်သောင်ကျေးရွာမှာ စစ်မှုထမ်းကြေးဆိုပြီး ငွေကောက်နေပါတယ်။ မပေးနိုင်တဲ့သူတွေကို ဖမ်းသွားတယ်။ လူတစ်ယောက် ဖမ်းမိရင် သိန်း ၂၀၀ ကျော်ပေးမှ ပြန်ထုတ်လို့ရတယ်။ ငွေမပေးနိုင်ရင် စစ်မှုထမ်းခိုင်းတယ်။ တချို့ကိုတော့ စစ်မှုထမ်းလူစားထိုးဈေးကွက်မှာ လူတစ်ယောက်ကို သိန်း ၁၀၀ နဲ့ ပြန်ရောင်းတယ်” ဟု ဖမ်းဆီးခံရသူလူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

၎င်းက ဆက်လက်၍ “လက်ရှိမှာ ဖမ်းထားတဲ့ လူငယ်က အနည်းဆုံး ၂၀ ကနေ ၅၀ လောက်အထိ ရှိနိုင်တယ်။ ရွာကလူငယ်တွေဆိုရင် အပြင်မထွက်ရဲတော့ဘူး။ မိသားစုတွေကလည်း သားတွေကို လွတ်အောင်လုပ်ဖို့ အကြွေးတင်ပြီး ငွေလိုက်ရှာနေကြရတယ်” ဟု ပြောဆိုသည်။

ဒေသခံများ၏ အဆိုအရ ယင်းကဲ့သို့ လူငယ်များကို ဖမ်းဆီးချုပ်နှောင်ပြီး ငွေကြေးတောင်းခံမှုများကို ရေလယ်သောင်ကျေးရွာ အုပ်ချုပ်ရေးမှူး လှသန်းဦး နှင့် ကျေးရွာကြံ့ဖွတ်ပါတီဝင်များဖြစ်သည့် ရဲထွဋ်၊ သန်းမြင့်နှင့် ဝင်းနောင်ထွန်း တို့က ဦးဆောင်ဆောင်ရွက်နေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်အောင် အကောင်အထည်ဖော်ခဲ့ပြီးနောက် စစ်မှုထမ်းအတွက် လူငယ်များကို အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေကြေးတောင်းခံ၍ ပြန်လည်ရွေးယူခိုင်းခြင်းနှင့် စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်များ နိုင်ငံတစ်ဝန်းတွင် ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသခံများနှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များက ထုတ်ဖော်ပြောဆိုထားသည်။

အထူးသဖြင့် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် အခြားဒေသများတွင် လူငယ်များကို လမ်းပေါ်၊ နေအိမ်များနှင့် လုပ်ငန်းခွင်များမှ အတင်းအကျပ်ဖမ်းဆီးကာ စစ်မှုထမ်းသင်တန်းများသို့ ပို့ဆောင်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူလူငယ်များ၏ မိသားစုများထံမှ ငွေကြေးတောင်းခံခြင်း၊ ငွေမပေးနိုင်သူများကို စစ်မှု ထမ်းလူစားထိုးဈေးကွက်အတွင်း ရောင်းချခြင်းနှင့် အတင်းအကျပ် စစ်မှုထမ်းစေခြင်းတို့ကြောင့် လူငယ်အများအပြား နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး မိသားစုများမှာလည်း စီးပွားရေးနှင့် လူမှုရေးအခက်အခဲများကို ပိုမိုရင်ဆိုင်လာနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် အဆိုပါစွပ်စွဲချက်များနှင့်ပတ်သက်၍ အမည်ဖော်ပြခံထားရသော ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ တုံ့ပြန်ရှင်းလင်းချက်ကို လက်ရှိအချိန်အထိ မရရှိသေးဘဲ ဆက်လက်စုံစမ်းနေပြီး တုံ့ပြန်ချက်ရရှိပါက ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

ဓာတ်ပုံ- ကချင်ပြည်နယ်တွင် စစ်တပ်က ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးထားခဲ့စဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article