ရန်ကုန်၊ ဇူလိုင် ၁၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကံဆည်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့် မြို့ကျောက်ဝိုင်း နေရာတွင် ရေနစ်မြုပ်ကာ ကားများဖြတ်မရတော့ကြောင်း ဖားကန့်မြို့သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ ဥရုချောင်းဖျား ဖြစ်သည့် ကံဆည်းဒေသ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဥတုချောင်းရေ မြင့်တက်လာပြီး ဖားကန့်မြို့အတွင်းသို့ ရေများ ဝင်ရောက် ဖားကန့်မြို့အဝင်အထွက်နေရာဖြစ်သည့် ကျောက်ဝိုင်းနေရာ၊ ငှက်ပျောက်ရပ် ကွက်တို့အပါ အဝင် မြေနိမ့်ပိုင်းရပ်ကွက်များမှာ ရေနစ်မြုပ်လျက်ရှိကြောင်း၊ ဖားကန့်မြို့အဝင် အထွက်နေရာဖြစ်သည့် ကျောက်ဝိုင်းနေရာ ရေနစ်မြုပ်မှုကြောင့် ကျေးရွာများမှ ဈေးဝယ်ရန်ဝင် ရောက်မည့်ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။
“ဟိုတရက်ကလည်း တက်သေးတယ်၊ ပြီးတော့ ပြန်ကျသွားတယ်။ ၃ ရက်လောက်ရှိပြီ၊ ပုံမှန်လေး ဖြစ်နေတာကနေ အခုက ပြန်တက်လာတာလို့ သိရတယ်။ ဒီနေ့မနက်ရေပြန်တက်နေတယ်လို့ သိရ တယ်။ ဥရုချောင်းရဲ့ အဖျားပိုင်း ကံဆည်းဒေသဘက်မှာ မိုးများတယ်ဆိုရင် ဒီဖားကန့်ကတော့ ရေ တက်လာတော့၊ ဘာဖြစ်လို့လည်းဆိုရင် ဥရုချောင်းကြမ်းပြင်က ကောနေတော့ ရေတက်ပြီဆိုတာနဲ့ မြို့နဲ့က တံ တားနဲ့ချောင်းနဲ့က တသားတည်းဖြစ်နေတော့ ရေကတခါတည်းဝင်တော့တာ။ အဲလို ရေ ဝင်တာနဲ့ မြို့ထဲက အနိမ့်ပိုင်းရပ်ကွက်တွေက ရေနစ်တော့တာ။ အဓိကကတော့ ဖားကန့် ကျောက် ဝိုင်း၊ ငှက်ပျောတောရပ်ကွက်၊ ဒီနေရာတွေကတော့ နည်းနည်းလေးရေတက်ပြီဆိုတာနဲ့ ရေဝင်နေ ကြဖြစ်တော့တာ။ ကျောက်ဝိုင်းဆိုရင် ကျေးရွာတွေကနေ ဖားကန့်မြို့အဝင်အထွက် ဈေး ဝယ်ဘာ ညာ လုပ်ဖို့ရာ အဓိက ဝင်ပေါက်ဖြစ်နေတော့ အဲဒီမှာ အခက်အခဲဖြစ်နေတာ” ဟု ဖားကန့်သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ ရေနစ်မြှုပ်မှုကြောင့် ပြည်သူများ လမ်းခရီးသွးလာရေး အခက်အခဲဖြစ်သည်မှအပ ကြီးကြီး မားမား စိုးရိမ်ရခြင်းမရှိသေးသော်လည်း ရေများ ဆက်လက်မြင့်တက်လာမည်ဆိုပါက ပြောင်းရွှေ့ရ နိုင်ကြောင်း၊ ယခုအချိန်အထိ ရေဘေးကယ်ဆယ်စခန်းများ ဖွင့်လှစ်ထားခြင်းမရှိသေးကြောင်း သိရ သည်။
Photo – CJ






