29 C
Yangon

မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ဧရာဝတီတို့တွင် လုံခြုံရေးကင်းစခန်းများ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးထက်မနည်းဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၃

မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အကြမ်းဖက် စစ်ကောင်စီ ကင်းစခန်းများကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၈ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်
=========================

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းနှင့် ၁၁၇ လမ်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း ယာဉ်စည်းကမ်း စစ်ဆေးရေးဂိတ်ကို မတ်လ ၂ ရက်နေ့ ညနေ ၄နာရီ ၃ဝမိနစ်ခန့်တွင် မြို့ပြ ပျောက်ကြား တပ်ဖွဲ့ဖြစ်သော Guerilla Force of Mandalayက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဘေးပတ်ဝန်းကျင်သို့ ရမ်းသမ်း ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကာ ထိခိုက် ဒဏ်ရာရရှိခဲ့သော ရဲ ၂ဦးကို လူမှုကူညီရေး အသင်းကားဖြင့် လာရောက်ခေါ် ဆောင်သွားကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်
=================

မကွေးတိုင်း မြိုင်မြို့နယ် တောင်ပိုင်း ကိုင်းတောမရွာနှင့် မြိုင်ကြားရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသည့် စက်မှု (၂)နှင့် မြိုင်နယ်အနောက်ပိုင်း သရက်ကန်မှော်တွင် နာရေးကားများဖြင့် သွားလာနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဖေဖော်ဝါရီလ ၂၆ရက်နှင့် မတ်လ ၁ရက်နေ့တို့တွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် မြိုင်မြို့နယ် တောင်ပိုင်း ကိုင်းတောမရွာနှင့် မြိုင်ကြားရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသည့် စက်မှု (၂)ကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်လုပ် လက်နက်ကြီး ၆ လုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ်လ ၁ ရက်နေ့တွင် မြိုင်နယ်အနောက်ပိုင်း သရက်ကန်မှော်တွင် နာရေးကားများ အသုံးပြုသွားလာနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကာ ထို ပြင်းထန် ဒဏ်ရာရရှိသူများတွင် သေဆုံးသူများရှိသော်လည်း အရေအတွက် အတိအကျကို မသိရှိရသေးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့
================

စစ်ကိုင်းတိုင်း မုံရွာမြို့ ရေကူးကန် လမ်းဆုံ မီးပွိုင့်အနီးရှိ အကြမ်းဖက် စစ်ကောင်စီ ကင်းစခန်းကို မတ်လ ၂ရက်နေ့ ညနေ ၆နာရီ ၁၅မိနစ်ခန့်က ညီနောင်မဟာမိတ်များအဖွဲ့ F.F.Pမှ ဦးဆောင်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း F.F.P တပ်ဖွဲ့ထံမှ သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၈ရက် ညနေ ၅နာရီ ၃၀မိနစ်ခန့်ကလည်း မုံရွာမြို့ အာဇာနည်လမ်း၊ ရန်ကင်းမီးပွိုင့်၊ မြို့ပတ်လမ်းဆုံတို့တွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ အသံမိုင်းများဖြင့် ဖေါက်ခွဲခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်
=======================

ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၂ရက်နေ့ နံနက် ၄နာရီ ၃ဝမိနစ်ခန့်က ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၄ဖွဲ့ ပူးပေါင်းကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း PDF-KL တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည့် PDF-KL၊ ဖျာပုံခရိုင် ပြည်သူ့ ကာ ကွယ်ရေး တပ်ပေါင်းစု၊ဧရာဗေဒါ (ကျိုက်လတ်) နှင့် ကျိုက်လတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်လတ် ပ-က-ဖ) တို့က အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- မန္တလေးတိုင်း ပြည်ကြီးတံခွန်တွင် ဒဏ်ရာရရှိသော ရဲတပ်သား ၂ ဦး ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article