တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gan နေပြည်တော်ရောက်ရှိနေပြီး အကြမ်း ဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံမည်
ရန်ကုန်၊ မေ ၂
တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gan သည် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်ရောက်ရှိလာပြီး အကြမ်းဖက်မင်းအောင်လှိုင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Qin Gan သည် Deer Jet Beijing ၏ လေယာဉ်အမှတ် B8415 ဖြင့် နေပြည်တော်သို့ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏ ခရီးစဉ်တွင် အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် နေပြည်တော်မှ တစ်ဆင့် မေလ ၃ ရက်နေ့တွင် ပုဂံ-ညောင်ဦးသို့ သွား ရောက်မည်ဖြစ်ပြီး မေလ ၄ ရက်နေ့တွင် မြန်မာ နိုင်ငံမှ ထွက်ခွာကာ အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမလာရောက်မီ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gangသည် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နှင့် မေလ ၁ ရက်နေ့တွင် တွေ့ဆုံပြီး နိုင်ငံ တကာ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာသင့်ကြောင်း၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ် ငန်း စဉ် ပြန်လည် စတင်သင့်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
တရုတ်နိုင်ငံသည် အခြားနိုင်ငံများထက် ပိုမိုရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံသည် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန် မျှော် လင့်ကြောင်း ၊ မြန်မာနိုင်ငံတွင် ကွဲပြားမှုများကို ပေါင်းစပ်နိုင်ရန် အားလုံးပါဝင်သော ဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ပြန်လည်စတင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ပြောဆိုထားသည်။
ဓာတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီး စီးနင်းသည့် Deer Jet Beijing ၏ လေယာဉ်အမှတ် B8415 ။ (ပုံအဟောင်းဖြစ်သည်။)