25 C
Yangon

စစ်ကောင်စီ ဝါဒဖြန့်ယန္တရား ၏ ပြည်သူကို သတင်းအဆိပ်ခတ်မှု လုပ်ငန်းစဉ်များကို ဆန်းစစ်ခြင်း

Must read

စစ်ကောင်စီ ဝါဒဖြန့်ယန္တရား ၏ ပြည်သူကို သတင်းအဆိပ်ခတ်မှု လုပ်ငန်းစဉ်များကို ဆန်းစစ်ခြင်း

By ကိုဘမောင်

ဒီနေ့ခေတ်ဟာ သတင်းမီဒီယာခေတ်ဖြစ်ပါတယ်။အသက်ငယ်ရွယ်လွန်းတဲ့ ဆယ် ကျော်သက်ကလေးတွေကစလို့ အသက် ၇၀ ကျော် ပင်စင်စားအဘိုး အဘွားအရွယ်တွေအထိ လူတိုင်း အင်တာနက်လိုင်းပေါ်က နေ့စဥ်သတင်း တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိနေကြပါပြီ။

လူထုဟာ သတင်းစားသုံးသူတွေဖြစ်လာတဲ့အတွက် မှန်ကန်တဲ့သတင်းတွေ ရရှိခဲ့ရင်တော့ အကျိုးဖြစ်ထွန်းပြီး ကိုယ့်ဘဝအတွက် မှန်မှန်ကန်ကန် စဥ်းစားဝေဖန်သုံးသပ်နိုင်စွမ်းရှိလာကြမှာပါ။အကယ်၍ မမှန်ကန် တဲ့သတင်း အချက် အလက်တွေရရှိခဲ့ရင်တော့ အလွဲအမှား စဥ်းစားချက်တွေ၊ မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုတွေကိုဖြစ်စေပြီး လူတဦးချင်းစီရော၊ လူ့အဖွဲ့အစည်းအတွက်ပါ မတည်မငြိမ်ဖြစ်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

သတင်းဖတ်တယ်ဆိုတာ အစားအသောက်ရွေးချယ်စားသလိုပဲ စားကောင်းပြီး အာဟာရရှိတဲ့ အစာကို စားနိုင်ရင် ကျန်းမာရေးကောင်းစေနိုင်ပြီး အဆိပ်အတောက်ရှိတဲ့ အစာကိုစားမိရင် သေစေနိုင်တဲ့အထိအာနိသင်ရှိပါတယ်။

သတင်းမှာလည်း မှန်ကန်တဲ့ အကျိုးရှိတဲ့သတင်းကိုရရှိရင် ကောင်းကျိုးပေးပေမယ့် အဆိပ်ခတ်ထားတဲ့ သတင်း တု၊သတင်းမှားတွေကို ရရှိရင်တော့ ပြည်သူလူထုအတွက် ဆိုးကျိုးပဲ ဖြစ်စေနိုင်ပါတယ်။

ကျနော်ဆွေးနွေးတင်ပြလိုတာက ပြည်သူလူထုကို သတင်းအဆိပ်ခတ်နေသူတွေ ရှိနေတယ်ဆိုတာပါပဲ။သူတို့တွေ ဘာရည်ရွယ်ချက်နဲ့ လူထုကို သတင်းအဆိပ်ခတ်နေကြသလဲဆိုတာနဲ့ သူတို့လုပ်ရပ်ကြောင့် ပြည်သူလူထုကြားမှာ လူမှု ဘဝအပေါ် ရိုက်ခတ်ချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ထိတ်လန့်မှုတွေ ဘယ်လောက်အတိုင်းအတာ ပြန့်နှံ့ ထိခိုက် လာနိုင်သလဲဆိုတာပါ သုံးသပ်တင်ပြပေးလိုပါတယ်။

စစ်လော်ဘီအုပ်စု

===============

သတင်းအဆိပ်ခတ်သူများကို အမျိုးအစားခွဲကြည့်ရင် ပထမအုပ်စုက စစ်လော်ဘီအုပ်စုဖြစ်တာကို တွေ့ရှိရပါမယ်။

စစ်လော်ဘီလို့သတ်မှတ်လို့ရတဲ့ လူပုဂ္ဂိုလ်တွေဟာ စစ်ကောင်စီကို ထောက်ခံတဲ့အရေးအသားများ၊ တော်လှန်ရေးအင်အားစုများ ၊အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဦးတည် တိုက်ခိုက်ထားသော အမုန်းစကားများကို အဓိကထားဖြန့်ချိနေကြသူများဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုများနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား စစ်တပ်လော်ဘီများနဲ့ စစ်တပ် ထောက်ခံအားပေးသူများမှ အမုန်းစကားတိုက်ခိုက်မှုများ ပြုလုပ်နေကြတာကိုတွေ့ရပါတယ်။

အဓိက တိုက်ခိုက်ရတဲ့ အကြောင်းအရင်းမှာ တော်လှန်ရေးအားနည်းသွားကာ ပြိုကွဲသွားတဲ့အထိ ရည်ရွယ်ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ယူဆရပါတယ်။

ပြည်သူတွေက တော်လှန်ရေးကို အားပေးထောက်ခံမှုတွေ မပြုလုပ်အောင် ဝါဒမှိုင်းတိုက်ရန်နှင့် ခြိမ်းခြောက်ရန် ရည်ရွယ်ပြီး တိုက်ခိုက်မှုများ ပြုလုပ်ခြင်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ကြမ်းတမ်းသော စကားလုံးအရေးအသားများနဲ့ အပုတ်ချ တိုက်ခိုက်မှုများအပြင် ဘာသာရေးနှီးနွယ်၍ လူမျိုးကြီးဝါဒ ကိုင်စွဲကာ အမုန်းစကားတိုက်ခိုက်မှုများလည်း ပြလုပ်ကြပါတယ်။

အမျိုးသားရေးအစွန်းရောက်သမားများ

===============================

စစ်လော်ဘီများကဲ့သို့ပင် သတိကြီးစွာထားရန်လိုအပ်သော သတင်းအဆိပ်ခတ်နေသူများမှာ အမျိုးသားရေးအစွန်း ရောက်ဝါဒီများပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရန်ဟူသော ရည်ရွယ်ချက်ကို ဗန်းပြပြီး အမျိုးသားရေးလှုပ်ရှားမူများကို ခေတ်အဆက်ဆက် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလလို့ ခေါ်ကြတဲ့ ၂၀၁၁ ခုနှစ်မှစတင်ကာ “မကြာခင် ဗုဒ္ဓဘာသာ ကွယ်ပျောက်တော့မည်”ဟူသော စွပ်စွဲချက်များဖြင့် အမျိုးသားရေးလှုပ်ရှားမူများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့ကြတာကို တွေ့ရပါတယ်။

အမျိုး၊ဘာသာ၊သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဟာ အစွန်းရောက်တရားများဟောပြောခြင်း၊ အစွန်း ရောက် လုပ်ရပ်များ လုပ်ဆောင်ခြင်းများကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာမှာ အစွန်းရောက်အဖွဲ့အစည်းအဖြစ် ကျော်ကြားလာခဲ့ပါတယ်။

အမျိုးသားရေးအစွန်းရောက်ဝါဒီများရဲ့ ဘာသာရေးအမုန်းတရားဖြန့်ဖြူးခြင်းလုပ်ငန်းများဟာ ၂၀၁၂ ဇွန်လ ရခိုင်အမျိုးသမီးလေး မသီတာထွေး အသတ်ခံရသည့်ကိစ္စနောက်ပိုင်းတွင် ပိုမိုတွင်ကျယ်လာတာကို တွေ့ရပါတယ်။

သတင်းမှားများဖြန့်ခြင်း၊ အမုန်းစကားများပြောခြင်းတို့အပြင် အကြမ်းဖက်လုပ်ရပ်များလုပ်ကြရန် Facebook လူမူကွန်ရက်မှနေ၍ အကောင့်တုများစွာဖြင့် စတင်လှုံ့ဆော်လာကြပါတယ်။

အမျိုးသားရေးအစွန်းရောက်ဝါဒီများက ဗုဒ္ဓဘာသာနှင့် အခြားဘာသာတွေ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေကို ခွဲခြားပြောဆိုပြီး အကြမ်းဖက်မှုကို ပြောင်ပြောင်တင်းတင်း တိုက်တွန်းလာကြတာကိုတွေ့ရပါတယ်။

အမျိုးသားရေးအစွန်းရောက်ဝါဒီများရဲ့ နောက်ကွယ်မှာ စစ်တပ်ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားတွေ ကို တွေ့မြင်ရပါတယ်။ စစ်တပ်ပိုင် မြဝတီရုပ်သံမီဒီယာမှတဆင့် မြန်မာနိုင်ငံရှိ ထင်ရှားတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတပါးဖြစ်သည့် သီတဂူ ဆရာတော် ရှင်ညာဏိဿရမှ ဗုဒ္ဓဘာသာဝင်များအား အိမ်ရှင်များအဖြစ်ပြောဆိုကာ အစ္စ လမ် ဘာသာဝင်များကို ဧည့်သည်များအဖြစ် သုံးနှုန်းပြောဆိုပြီး ဧည့်သည်များသည် အိမ်ရှင်အလိုကျ အိမ်ရှင်မျက်နှာကြည့်ကာနေထိုင်မှသာ အဆင်ပြေလိမ့်မည်ဟု ဟောကြားခဲ့သည်ကို တွေ့မြင်ခဲ့ကြပြီးဖြစ်ပါတယ်။

စစ်အုပ်စုနဲ့ အမျိုးသားရေးအစွန်းရောက်များရဲ့ ဆက်နွယ်ပတ်သက်မှု

====================================================

မဘသ သို့မဟုတ် အစွန်းရောက်အမျိုးသားရေးသမားတွေရဲ့ နောက်ကွယ်မှာ စစ်အုပ်စုရှိနေတာ အသေအချာပါပဲ။

သတင်းအဆိပ်ခတ်သူတွေကို စစ်လော်ဘီအုပ်စုနဲ့ အမျိုးသားရေးအစွန်းရောက်အုပ်စု အမျိုးအစားနှစ်မျိုးခွဲပြောပေမယ့် လက်တွေ့မှာ သူတို့တွေဟာ အခြေခံအယူအဆတခုထဲက ဆင်းသက်လာကြတာကိုတွေ့ရပါတယ်။

စစ်အုပ်စုရဲ့ အရင်းခံအယူအဆဖြစ်တဲ့ “စစ်တပ်က နိုင်ငံရေးအာဏာ အဆက်မပြတ်ရယူထားနိုင်ရေး”ကို ထောက်ခံတင်ပြဖို့အတွက် “စစ်တပ်ဟာ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သူ”လို့ ပုံဖော်လာတာပဲဖြစ်ပါတယ်။တဖက်မှာလည်း “အစ္စလာမ်ဘာသာဝင်တွေကို ဗုဒ္ဓဘာသာရဲ့ ဆန့်ကျင်ဖက်ရန်သူအဖြစ် ပုံဖော်ခြင်း”ကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ပြီး အစ္စလာမ်ဘာသာမုန်းတီးရေး၊ အစ္စလာမ်အကြောက်တရားကို လူထုကြား စိမ့်ဝင်အောင် သွပ်သွင်းခဲ့ကြပါတယ်။

စစ်လော်ဘီတွေနဲ့ အမျိုးသားရေးအစွန်းရောက်တွေရဲ့ တူညီချက်တခုက “စစ်အာဏာသိမ်းခြင်း”ကို ထောက်ခံကြတာဖြစ်ပါတယ်။စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒေသကာကွယ်ရေးပျောက်ကြားတွေကိုလည်း “ဘာသာ၊ သာသနာ ဖျက်နေသူတွေ”လို့ တံဆိပ်ကပ်ပြီး စွပ်စွဲတိုက်ခိုက်တဲ့နေရာမှာလည်း တစ်လေသံတည်းထွက်လေ့ရှိကြပါတယ်။

ရက်စက်သောအကြမ်းဖက်လူသတ်ပွဲကြီးများ

===================================

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ဇွန်လအတွင်းက မသီတာထွေး အသတ်ခံရသည့်ကိစ္စဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်တပြည်လုံးနဲ့ မြန်မာတနိုင်ငံလုံးကို မွတ်စလင်မုန်းတီးရေးလှုပ်ရှားမှု ပြန့်နှံ့အောင် လူမှုကွန်ရက်က သွေးထိုးလှုံ့ဆော်မှုများ များပြားလာပါတယ်။

နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ လူမြင်ကွင်းမှာပဲ အစ္စလာမ်ဘာသာဝင်တွေကို သတ်ဖြတ်ပစ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။လူမျိုးရေးအမုန်းတရားနဲ့ အကြမ်းဖက်လူသတ်ပွဲတွေ ဖန်တီးဖို့ အစွန်း ရောက်တွေက အဆက်မပြတ်လှုံ့ဆော်ခဲ့တဲ့အတွက် ရခိုင်မြောက်ပိုင်း၊မိထ္ထီလာ၊ပဲခူးအနောက်ခြမ်း၊မန္တလေးနဲ့ လားရှိုးမြို့တွေမှာလည်း အကြမ်းဖက်လူသတ်ပွဲတွေ ဆက်တိုက်ဖြစ်ပွားကာ အစ္စလာမ်ဘာသာဝင်တွေအပါအဝင် လူပေါင်းမြောက်များစွာ သေဆုံးခဲ့ရပါတော့တယ်။

၂၀၁၃ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ မိထ္ထီလာပဋိပက္ခမှာ လူပေါင်း ၄၃ဦးသေဆုံး၊ ၈၆ဦး ဒဏ်ရာရပြီး လူ ၉၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။မီးလောင်ပြင်ဟာ ဧက ၄၀ ကျော်ကျယ်ဝန်းပြီး မီးသင့်အိမ်ခြေ နှစ်ထောင်ကျော်ထိ ရှိခဲ့ပါတယ်။ဒီပဋိပက္ခဟာ မြို့နယ်ပေါင်း ၁၅ မြို့နယ်လောက်အထိ ရိုက်ခတ်မှုရှိခဲ့တဲ့အတွက် ပဲခူးအနောက်ခြမ်းမြို့နယ်များက မွတ်စလင်တွေလည်း သေကျေဒဏ်ရာရ အိုးမဲ့အိမ်မဲ့တွေဖြစ်ခဲ့ရပါတယ်။

တကမ္ဘာလုံး တုန်လှုပ်ခြောက်ခြားသွားရတဲ့ မွတ်စလင်တွေကို လူမျိုးတုန်းအောင် ခြိမ်းခြောက်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း ပဋိပက္ခမှာတော့ သေဆုံးသူနဲ့ နိုင်ငံဖြတ်ကျော် စစ်ပြေးဒုက္ခသည်တွေ သိန်းနဲ့ချီရှိလာပါတယ်။ ဒီသတ်ဖြတ်မှုတွေကိုတော့ စစ်တပ်ကိုယ်တိုင် ဦးဆောင်ပြီး သတ်ခဲ့ဖြတ်ခဲ့ကြတာပါ။ ထင်ရှားတဲ့ သာဓက တစ်ခုအနေနဲ့ စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာထားတဲ့ အချိန်တွင်းမှာ သတ်ဖြတ်မှုတွေ အများဆုံး ဖြစ်ခဲ့တယ် ဆိုတာပါပဲ။

ဒီလုပ်ရပ်တွေကို နှိုင်းယှဥ်လေ့လာကြည့်ရင် လူမျိုးရေးအစွန်းရောက်သူတွေနဲ့ စစ်တပ်၊ စစ်တပ်နဲ့ ဘာသာရေးအစွန်း ရောက်သမားတွေ အားလုံး ဟန်ချက်ညီညီ ပူးပေါင်းပြီး မွတ်စလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြတာကို တွေ့မြင်နေရပါတယ်။

ဆိုရှယ်မီဒီယာမှာ ဘယ်လိုနေရာယူလာကြသလဲ

=====================================

Facebook လူမူကွန်ရက်မှတဆင့် အမုန်းစကားများပြောခြင်း၊ သတင်းတု သတင်းမှားများ မျှဝေခြင်းတို့အပြင် အကြမ်း ဖက်လုပ်ငန်းများ လုပ်ဆောင်ရန် စေ့ဆော်ခြင်း၊ ချိန်းဆိုခြင်းတို့ကိုပါ လုပ်ဆောင်လာခဲ့ခြင်းကြောင့် Facebook မှ ဒီလုပ်ရပ်ကိုကျူးလွန်နေတဲ့ အကောင့်တွေ ၊ စစ်တပ်ကို အားပေးထောက်ခံတဲ့ အကောင့်တွေနဲ့ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာတွေကိုလည်း ဖြုတ်ချခဲ့ပါတယ်။

အခုလို Facebook မှ သူတို့ရဲ့အကောင့်တွေ၊ စစ်အုပ်စုဒေါက်တိုင် လော်ဘီအကောင့်တွေ၊ စစ်တပ်ပိုင်အကောင့်တွေ ဖြုတ်ချခံရခြင်းတို့ကြောင့် Facebook ကို အမျိုးမျိုးဝေဖန်ပုတ်ခတ်ကာ ရုရှားမီဒီယာကွန်ရက်တစ်ခုဖြစ်သော VK သို့ အုပ်စုလိုက် ကူးပြောင်းအသုံးပြုခဲ့ကြတယ်။

VK မှာ သူတို့ရဲ့ လှုပ်ရှားမူများ၊ အမုန်းစကားနှင့် သတင်းတု သတင်းမှားများကို လွတ်လပ်စွာ ဖော်ပြခွင့်ရခဲ့ပေမယ့် VK မှာ သူတို့စည်းရုံးလှုံ့ဆော်ရမည့် သားကောင်ရှိမနေခြင်းဟာ သူတို့အတွက် အခက်အခဲဖြစ်စေခဲ့ပါတယ်။

ဒါကြောင့် Facebook ပေါ်ကို အကောင့်တုပေါင်းစုံဖြင့် ပြန်လည်ခြေချနိုင်ရန် ကြိုးစားလာခဲ့ကြပါတယ်။ Facebook ကလည်း အဆိုပါအကောင့်တွေကို သိလျှင်သိခြင်း ဖြုတ်ချနေခြင်းကြောင့် Facebook ပေါ်မှာ အမျိုးသားရေးအစွန် းရောက်တွေနဲ့ စစ်တပ်ဒေါက်တိုင် လော်ဘီအုပ်စုတွေ နေရာမရဖြစ်ရပြန်ပါတယ်။

သို့သော် Facebook ဟာ စစ်အုပ်စုနဲ့ အစွန်းရောက်သမားများရဲ့ သားကောင်များ အများအပြားရှိနေသည့် နေရာဖြစ်တဲ့အတွက် ၎င်းတို့ဝါဒဖြန့်ရန် Facebook ကို လက်မလွှတ်နိုင်ဖြစ်နေသည်ကို တွေ့ရပါတယ်။

Facebook ပေါ်တွင်လည်း နေရာမရ၊ VK ပေါ်တွင်လည်း ဝါဒဖြန့်မရဖြစ်နေတဲ့ အမျိုးသားရေးသမားများအတွက် Telegram ဟာ ၄င်းတို့ ဝါဒဖြန့်ချိရာ နေရာလွတ် နေရာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

Telegram ဟာ အမုန်းစကားထိန်းချုပ်ခြင်း၊ ရုပ်ပုံအသုံးပြုခြင်းတို့ကို Facebook ကဲ့သို့ ထိန်းချုပ်မထားခြင်းဟာ ၎င်းတို့အတွက် အခွင့်သာစေသော လူမှုကွန်ရက်တခုဖြစ်နေစေပါတယ်။

Telegram ပလက်ဖောင်းမှာ Facebook လူမှုကွန်ရက်ကဲ့သို့သော Page (Channel)များ၊ Group များ ရှိနေပြီး ၎င်းတို့မှတဆင့် ဝါဒဖြန့်မူများကို အစဉ်တစိုက် လုပ်ဆောင်လာနေတာကို တွေ့မြင်နေရပါတယ်။

Telegram မှတဆင့် လူထုကို ခြိမ်းခြောက် ဖမ်းဆီးခြင်း

==============================

စစ်လော်ဘီအုပ်စုတွေဟာ တယ်လီဂရမ်မှတဆင့် အာဏာသိမ်းစစ်တပ်ရဲ့ ဒေါက်တိုင်အဖြစ် သတင်းပေးခြင်း၊ဒလန်လုပ်ခြင်းလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်လာကြတာကို တွေ့ရှိရပါတယ်။

ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ်ထားရှိတဲ့ လွတ်လပ်သော သဘောထားအမြင်တွေနဲ့ ရေးသားဖော်ပြချက်တွေ၊လှုပ်ရှားမူများတွေကို စောင့်ကြည့်မှတ်တမ်းတင်ကာ စစ်ကောင်စီသတင်းပေးများအဖြစ် ရပ်တည်လာကြသည်ကို လေ့လာတွေ့ရှိရပါတယ်။

အဓိကဇာတ်ကောင်များဖြစ်သော ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ဘညွန့်၊ သဇင်ဦး၊ တပ်ကြပ်ကြီး ဖိုးစည်၊ တပ်ကြပ်ကြီး ဖိုးကွန်းနှင့် မိုးဟိန်းတို့သည် ပြည်သူတွေရဲ့ Facebook ပေါ်မှ ရေးသားဖော်ပြချက်များကို စောင့်ကြည့်မှတ်တမ်းယူကာ စစ်ကောင်စီအားသတင်းပေးခြင်း၊ ဖမ်းခိုင်းခြင်း၊ နေအိမ်ချိတ်ပိတ်စေခြင်းများ ပြုလုပ်ပြီး ပြည်သူများအား အကြောက်တရားကြီးထွားလာစေပြီး တော်လှန်ရေးအပေါ် စိတ်ဝင်စားမူ၊အားပေးကူညီမူ လျော့နည်းလာအောင် ပြုလုပ်လာကြပါတယ်။

၎င်းတို့အချင်းချင်း ချိတ်ဆက်ပြီးလည်း အပြန်အလှန်ရေးသားမျှဝေမူများ ပြုလုပ်ကြပါတယ်။ Telegram Group များဖွဲ့ထားပြီး အမုန်းစကားနှင့် သတင်းတု သတင်းမှားများကို လွတ်လပ်စွာပြောဆိုကြတဲ့အပြင် သတင်းပေးChannel များ ထားရှိကာ ပြည်သူများ၏ တော်လှန်ရေးလှုပ်ရှားမူများကို သတင်းပေး ခြောက်လှန့်မူများ ပြုလုပ်လာကြပါတယ်။

People’s Voice၊ Myanmar Hard Talk၊ Myanmar National Post နှင့် အညတြလူမှုဘဝအေးချမ်းလုံခြုံရေးကွန်ရက်စသော သတင်းဌာနအယောင်ဆောင် Channelများမှလည်း သတင်းတု သတင်းမှားများ ဆက်တိုက်ဖော်ပြနေပြီး တော်လှန်ရေးချိနဲ့အားနည်းအောင်ဖော်ပြကြပါတယ်။

အဆိုပါ အယောင်ဆောင်သတင်းဌာနများဟာ “စစ်ကောင်စီတပ်မှ နယ်မြေတွေစိုးမိုးနိုင်ပြီ”၊ ” PDF တွေသေကုန်ကြပြီ”၊” PDF တွေလက်နတ်ချကုန်ပြီ”၊ “PDF တွေသွေးကွဲပြီးအချင်းချင်းချကုန်ပြီ “စသောသတင်းမှားများနဲ့ ပြည်သူတွေ တော်လှန်ရေးအပေါ် စိတ်ပျက်အားနည်းလာအောင် လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

သတင်းတု သတင်းမှားတွေနဲ့ ပြည်သူတွေ အချင်းချင်းသွေးကွဲအောင် လုပ်ဆောင်ရုံတင်မက PDF တွေက ဆက်ကြေးကောက်ပြီး မပေးတဲ့ပြည်သူတွေကို ရိုက်နှက်နှိပ်စက်နေပါပြီ စသဖြင့် တော်လှန်ရေးအင်အားစုနဲ့ ပြည်သူအကြား သွေးကွဲအောင်လည်း အမျိုးမျိုးလုပ်ဆောင်နေတာကိုတွေ့ရပါတယ်။

အသံတိတ်သပိတ်အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေထဲမှာ ပါဝင်သူတွေရဲ့ လူမှုကွန်ရက်တွေကို စောင့်ကြည့်ပြီး ထိုသူတွေရဲ့ ဓာတ်ပုံ၊ကိုယ်ရေးအချက်အလက်နဲ့ အိမ်လိပ်စာတွေကိုပါ ယှဥ်တွဲဖော်ပြကာ အကြမ်း ဖက် ဖမ်းဆီးဖို့ ခြိမ်းခြောက်ရေးသားတာတွေရှိနေပါတယ်။

ဇန်နဝါရီလမှ မတ်လအတွင်း စစ်တပ်အားပေးထောက်ခံသူများရဲ့ တယ်လီဂရမ်ချန်နယ် ၁၃ ခုအား လေ့လာစောင့်ကြည့်ခဲ့ရာ ခြိမ်းခြောက်ဖမ်းဆီးခိုင်းသည့် အကြိမ်အရေအတွက် ၄၂၁ ကြိမ် ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၂၅၇ ဦးရှိခဲ့တာကို တွေ့ရပါတယ်။ဖမ်းဆီးခံရသူများထဲတွင် ကျား ၁၇၈ ဦး၊ မ ၇၈ ဦး နှင့် LGBT ၁ ဦးပါဝင်ခဲ့တယ်။

ယင်းအပြင် နေအိမ်ချိတ်ပိတ်ခံရရန် ခြိမ်းခြောက်မှု ၁၈ ခုနှင့် ဆိုင်ချိပ်ပိတ်ခံရရန် ခြိမ်းခြောက်မှု ၇ ခုရှိခဲ့ပြီး နေအိမ် ၉ လုံး ချိတ်ပိတ်ခံခဲ့ရပြီး ဈေးဆိုင်အချို့နှင့် ဆေးခန်းတခု ချိတ်ပိတ်ခံခဲ့ရပါတယ်။ အဆိုပါ အရေအတွက်သည် အနိမ့်ဆုံးပမာဏဖြစ်ပြီး အမှန်တကယ် ခြိမ်းခြောက်ခံရမှုနှင့် ပိတ်သိမ်းခံရမှုများသည် ပိုမိုများပြားနိုင်ပါသည်။

လူ့အဖွဲ့အစည်းအပေါ် ရိုက်ခတ်ချက်များ

================================

လူမှုကွန်ရက်ပေါ်မှာ အာဏာသိမ်းစစ်ကောင်စီထောက်ခံသူတွေနဲ့ အမျိုးသားရေးအစွန်းရောက်တွေ ရှိနေတာဟာ လူ့အဖွဲ့အစည်းအပေါ် ရိုက်ခတ်ချက်ကြီးကြီးမားမားရှိပြီး တည်ဆဲလူ့အသိုင်းအဝန်းကို မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေသလိုဖြစ်နေပါတယ်။အန္တရာယ်ကြီးတဲ့အပြင် လူ့အဖွဲ့အစည်းကို ပြိုကွဲစေနိုင်သည်အထိ မတည်ငြိမ်မှုတွေလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

အစွန်းရောက်ဝါဒီတွေ၊ စစ်အုပ်စု လက်ကိုင်တုတ်တွေရဲ့ အမုန်းတရားဖြန့်ချိမှု၊ သတင်းတု သတင်းမှားတွေနဲ့ လူထုကို အဆိပ်ခတ်နေမှုတို့ကြောင့် ကျနော်တို့ လူ့အဖွဲ့အစည်းမှာ လူသတ်ပွဲတွေ၊ လူမျိုးရေးပဋိပက္ခတွေနဲ့ အကြောက်တရားကြီးစိုးမှုတွေ ဖြစ်ပွားလာနိုင်ပါတယ်။

လက်ရှိတော်လှန်နေတဲ့ ပြည်သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလည်း တိမ်း စောင်း လွဲမှားသွားအောင် အဆိုပါ သတင်းတု သတင်းမှားတွေကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်တိုက်ခိုက်နေပါတယ်။

တော်လှန်ရေးကို ထောက်ခံအားပေးနေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖမ်းဆီးဖို့ တိုက်တွန်းနေခြင်းအားဖြင့် လူထုဘက်က အင်အားချိနဲ့သွားအောင် လုပ်ဆောင်နေတာဟာလည်း အင်မတန်ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်ပါတယ်။

သာယာအေးချမ်းပြီး တည်ငြိမ်တဲ့လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက်နိုင်ဖို့ ကျနော်တို့ ပြည်သူတွေမှာ အဓိကကျတဲ့ တာဝန်ကြီးနှစ်ရပ်ရှိတယ်လို့ ယူဆပါတယ်။ပထမတာဝန်ကတော့ ပြည်သူတရပ်လုံးကို ဖိနှိပ်နေတဲ့ စစ်အာဏာ ရှင်စနစ်ကို တော်လှန်တဲ့တာဝန်ဖြစ်ပြီး ဒုတိယတာဝန်ကတော့ စစ်အုပ်စုရဲ့ အဆွယ်အပွား အမျိုးသားအစွန်းရောက်ဝါဒီတွေရဲ့ အတွေးအခေါ် အယူအဆအမှားတွေကို တော်လှန်ရမယ့်တာဝန်သာဖြစ်ကြောင်း အလေးအနက်ထား တင်ပြလိုက်ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article