ကန့်ဘလူရှိ ကျေးရွာ ၂ ရွာနှင့် တန့်ဆည်ရှိ ကျေးရွာ ၁ ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် မီးတင်ရှို့နေ
ရန်ကုန်၊ မေ ၂၉
စစ်ကိုင်းတိုင်း၊ ကန့်လူမြို့နယ်ရှိ ကျေးရွာ ၂ ရွာနှင့် တန့်ဆည်ရှိ ကျေးရွာ ၁ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများနှင့် ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းလှမြို့နယ်အတွင်းရှိ ကုက္ကိုကုန်းရွာနှင့် လွှတ်တိုက်ရွာတို့ကို အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း-၃၆၁ နှင့် ပျူစောထီး စုပေါင်းအင်အား ၁၇၀ ခန့်က အကြမ်းဖက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ကုက္ကိုကုန်းရွာ၌ မေလ ၂၈ ရက်နေ့တွင် ညအိပ် တပ်စွဲခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၇ နာရီခန့်တွင် ကုက္ကိုကုန်းမှ ပြည်သူပိုင်တန်ဖိုးကြီး ပစ္စည်းများကို ရှာဖွေ မွှေနှောက် ခိုးယူပြီးနောက် ရွာကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ် စစ်ကြောင်းသည် ကုက္ကိုကုန်းရွာကို မီးရှို့ပြီးနောက် နံနက် ၇ နာရီ ၅၀ မိနစ်တွင် လွှတ်တိုက်ရွာကို အကြမ်းဖက် ပစ်ခတ် ဝင်ရောက်ပြီး ထပ်မံမီးရှို့နေကြောင်းသိရှိရသည်။
” ပြည်သူတွေ ထိခိုက်မှုတော့ မရှိဘူး။ ပြည်သူပိုင် နေအိမ် ဘယ်လောက် မီးလောင်ပျက်ဆီး ဆုံးရှုံးသွားလဲဆိုတာ အတည်မပြုနိုင်သေးဘူး” ဟု ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ကျွန်းလှနှင့် ကန့်ဘလူမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့မှုကြောင့် ကျွန်းလှမြို့နယ်အတွင်းရှိ တောင်ယာဆိပ်၊ တကုန်း၊ ကုက္ကိုကုန်း၊သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ အောင်သာယာ၊မဒေါင်၊ဆွဲလှဲ၊ တင်ငုတ်ကြီး၊ မြင်သာဦး၊ သရက်တော နှင့် အောင်ရန်ကင်းရွာ စသည့် ကျေးရွာ ၁၃ ရွာအပြင် ကန့်ဘလူမြို့နယ်အတွင်းမှ ညောင်ကုန်း၊ လက်ခုပ်ပင် နှင့် ကောလင်းမြို့နယ် အောင်ချမ်းသာကျေးရွာစသည့် ကျေးရွာပေါင်း ၁၆ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ တန့်ဆည်မြို့နယ် မုံတိုင်ပင်ရွာကိုလည်း တန့်ဆည်မြို့မှ ထွက်လာသည့် အင်အား ၁၇၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ယနေ့ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
Photo – စစ်ကိုင်းတိုင်း အတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာအားတွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)