ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လုံခြုံရေးဂိတ်၊ ဘော်ဒါဆောင်နှင့် ဆိုင်ကယ် ၅ စီးတို့ကို မီးရှို့ ဖျက်ဆီး
ရန်ကုန်၊ ဇွန် ၁၂
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာရှိ လုံခြုံရေးဂိတ်၊ ဘော်ဒါဆောင်တစ်ခုနှင့် ဆိုင်ကယ် ၅ စီးခန့်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ထီးလင်းမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ဇွန်လ ၁၀ ရက် နံနက် ၈ နာရီခွဲခန့်က ပေါက်မြို့နယ် ကပစမှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်သားများသည် ကျင်းကျေးရွာဘက်သို့ ဓားစာခံ ပြည်သူ ၂ ဦး ကို ဓားစာခံ ဖမ်းဆီး ကာ စစ်ကြောင်းထိုးဝင်လာပြီး ကျေးရွာအဝင်ရှိ လုံခြုံရေးဂိတ်တစ်ခု၊ ကျေးရွာအတွင်းရှိ ဘော်ဒါဆောင် တစ်ခုနှင့် လမ်းပေါ်ရှိ ဆိုင်ကယ် ၅ စီးခန့်ကို မီးရှို့ဖျက်ဆီးပြီး နေအိမ်များအတွင်းမွှေနှောက်ရှာဖွေကာ ညနေ ၃ နာရီခွဲခန့်တွင် ပြန်ဆုတ်သွားကြောင်း သိရသည်။
“ပေါက်ကနေ တက်လာတာဗျ၊ ပုံတောင်ကို ကျော်ပြီးတော့ ရောက်လာတာ၊ ပုံတောင်မှာက မိုင်းတွေနဲ့ ပိတ်ထားပေမယ့် မိုးတွေရွာ၊ မြေတွေပြိုတော့ တစ်ချို့မိုင်းတွေက ပျက်စီးတာရှိတယ်၊ ပြီးတော့ မိုင်းရှာ ခွေး ၄ ကောင်နဲ့ ကျော်ဖြတ်လာတာလို့လဲ သိရတယ်၊ ကျနော်တို့ဘက်ကလည်း ကျင်းရွာအနောက်ဘက် မှာ ပိတ်ထားတော့ ဆက်မတိုးရဲလို့လား၊ ပေါက်ဘက်က နောက်တန်းစခန်းကို စိတ်မချလို့လား မသိဘူး၊ ပြန်ဆုတ်သွားတာ၊ ဓားစာခံပြည်သူနှစ်ဦးကိုလည်း နယ်ခြားလောက်ရောက်မှ ပြန်လွှတ်ပေးလိုက်တာ” ဟု ထီးလင်းမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က ကျင်းရွာအတွင်းသို့ ဝင်ရောက်လာသဖြင့် ခုခံတိုက်ခိုက်ခဲ့သော်လည်း အင်အား မမျှသဖြင့် ပြည်သူများ ထွက်ပြေးလွတ်မြောက်သွားချိန် ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။


