စလင်းမြို့နယ်တွင် ဗိုလ်မှူး ၁ ဦး အပါအဝင် ၁၂ ဦးသေဆုံးခဲ့သော သရက်တော ရဲကင်းစခန်း တိုက်ခိုက်ခံရမှုအပြီး ရဲနှင့်စစ်သားအားလုံး ရဲကင်းစခန်းကို စွန့်ခွာကာ မြို့ပေါ်တွင် တပ်ပြန်ပေါင်း
ရန်ကုန်၊ ဇွန် ၁၂
မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်တော ရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့နှင့်စစ်သားများ အားလုံး စလင်းမြို့ပေါ်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရဲစခန်းဆိုင်းဘုတ်များပါ ဖြုတ်သိမ်းပြီး ရဲအရာရှိ၊ အကြပ်၊ တပ်သားများအားလုံး ရဲစခန်းကို စွန့်ခွာပြီး စလင်းမြို့ပေါ်စခန်းများကို ထွက်ပြေး ပြောင်းရွှေ့သွားကြောင်း သိရသည်။
သရက်တော ရဲကင်းစခန်းကို မေလ ၁၀ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်အချိန် PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သတင်းကြိုရ၍ ရဲစခန်းအတွင်းမှ စစ်သားနှင့် ရဲများ ကြိုတင်ပြင်ဆင်ချိန်ရခဲ့ကြောင်း၊ PDF တပ်များက စခန်းသိမ်းပိုက်နိုင်ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ၊ သရက်ကင်းရဲစခန်းကို တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိသည်။
” ရဲစခန်း တိုက်ခိုက်ခံရတုန်းက ဂတ်စာရေးနဲ့ ဗိုလ်မှူး ၁ ဦးသေတယ်။ အခြားသေတာတွေလည်းများတယ်။ စခန်းမှူး ဒုရဲအုပ် ကျော်သက် ပေါင်ကျည်ထိမှန်တယ်လို့ကြားတယ်။ သရက်တောရဲစခန်းက ရဲကင်းအဆင့်ဖြစ်တာကြောင့် ဒုရဲအုပ်ကို စခန်း ရဲကင်းမှူးအဖြစ်ထားတာပါ။ ရွာနယ်မြေခံ ရဲတပ်ဖွဲ့ဝင် မိသားစုတွေကို ဘာကြောင့် စခန်းမဖွင့်တော့တာလဲမေးတာ အကြောင်းတစုံတရာ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ရဲစခန်း မြေနေရာကို ၁၀၁ လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ ၂၅၃၊ ၂၅၄ ၊ ၂၅၅ တပ်များ လာရောက်ရန်ရှိနေပြီး တိုက်ခိုက်ခံရသည့် သရက်တော နယ်မြေရဲစခန်း၏ အနောက် မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမအခြေစိုက် ကပစ ၂၁ တပ်တွင် တပ်စခန်းချမည်ဟု ကနဦးသိရှိရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
