သထုံရှိ စစ်ကောင်စီ တပ်ရင်း ၂ ခု တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသော အမြောက်တပ် ၄၀၂ တပ်ရင်းမှူးအသစ် ဒုဗိုလ်မှူးကြီး ဆေးကုသမှု ခံယူရင်း သေဆုံး
ရန်ကုန်၊ ဇွန် ၁၀
မွန်ပြည်နယ်၊ သထုံမြို့ အခြေစိုက် အမှတ် ၁ ခြေမြန်တပ်ရင်းနှင့် အမှတ် ၄၀၂ အမြောက်တပ် တို့ကို KNLA ၊ PDF ၊ သထုံပကဖနှင့် ဘီးလင်း ပကဖ ပူးပေါင်းတပ်များက တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သော အမှတ် ၄၀၂ အမြောက်တပ် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးသည် ဆေးကုသမှု ခံယူရင်း သေဆုံးသွားခဲ့ကြောင်း သထုံပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၇ ရက်နေ့နံနက်ပိုင်း KNLA ၊PDF ၊ သထုံမြို့နယ် ပကဖနှင့် ဘီးလင်းမြို့နယ်ပကဖ တပ်ဖွဲ့များက ပူးပေါင်း၍ သထုံ အခြေစိုက် ခမရ (၁) နှင့် အမြောက်တပ် တို့ကို မြေပြင်တပ်ဖွဲ့များ ၊ Drone တပ်များဖြင့် တိုက်ခိုက်ရာ ခမရ ၁ မှ ၄ ဦးထိခိုက်ဒဏ်ရာရရှိပြီး အမှတ် ၄၀၂ အမြောက်တပ် မှ ၅ ဦး သေဆုံးကြောင်း၊ အမြောက်တပ် ၏ တပ်ရင်းမှူးအသစ်လည်း ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိကာ နေပြည်တော်သို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်၍ ဆေးကုသမှုခံနေခဲ့ရကြောင်း၊ ယင်းနောက် ဆေးကုသမှု ခံယူရင်း တပ်ရင်းမှူး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
” အမှတ် ၄၀၂ အမြောက်တပ် တပ်ရင်းမှူး သေပြီ။ ဒဏ်ရာရသွားတာကို ဆေးကုသမှု ခံယူနေရင်း သေတယ်။ မနေ့က သတင်းရပါတယ်” ဟု သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
သထုံ အမြောက်တပ် ၏ တပ်ရင်းမှူးအသစ်သည် တပ်သို့ ပြောင်းရွှေ့လာပြီးသည်နှင့် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို နေ့စဉ် လက် နက်ကြီး များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့်ကျေးရွာသားတချိုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် လက်တုန့်ပြန်သည့်အနေဖြင့် တော်လှန်ရေး အင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာမှ အမြောက်တပ်၏ တပ်ရင်းမှူး ဒဏ်ရာရရှိ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်ရင်းတစ်ခုတွင် ရေးထိုးထားသော ဝါဒဖြန့် စာသား။