မြိုင်၊ သရက်ကွရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ ညောင်ပင်ကြီးရွာကို မီးရှို့နေသည့် စစ်တပ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇွန် ၁၄
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွရွာရှိ ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ၈ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် သရက်ကွရွာရှိ ပျူစောထီး စခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၇ ဦး နှင့် စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း သရက်ကွရွာရှိ ပျူစောထီး စခန်းကို ကာကွယ်ရေးအဖွဲ့များ ဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၂၀ ကျော်ခန့်က ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ပြီး ကျန် စစ်သားနှင့် ပျူစောထီးများ ရွာပြင် သို့ ထွက်ပြေးသွားကြောင်း၊ မြိုင်မြို့ စည်မံကိန်းရုံးမှ အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်သား ၁ ဦး ဘန်ကာ အနီး၌ ကျည်ထိမှန်ပြီး လဲကျသွားသည်ကို PDF ရဲဘော် တစ်ဦးက သေနတ် ပြေးကောက်စဥ် သေနတ်ကျည်ထိမှန်ပြီး လက်နက်ရရှိချင်း မရှိဘဲ PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ ညနေ ၆ နာရီ ၂၀ မိနစ်တွင် PDF တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ပြီး ရဲဘော် ၁ ဦးလည်း လက်မောင်း ကျည်ထိမှန် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုကို မြိုင် ပကဖ ရင်း ၁ ခွဲ ၃ စိတ် ၂ ၊ ၄ ၊ ဝံပုလွေ အဖွဲ့ ၊ GOE အဖွဲ့ ၊ အညာမြေအဖွဲ့ ၊ ဓါးမင်းကြီး အဖွဲ့ ၊ ပခုက္ကူ ခရိုင် တပ်ရင်း ၁၃ ၊ MVP အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို ၅ ရက် ဆက်တိုက် မီးရှို့ ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ညောင်ပင်ကြီးကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့၊ Chindwin Dynamite ၊ Fighter 9 Force Salingyi ၊ တောင်ပံနီပျောက်ကြားတဲ့ဖွဲ့တို့ ပူးပေါင်းကာ ၄၀ မမ လက်နက်များဖြင့် အပြန်အလှန် ၀င်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်သားများ ထိခိုက်ကျဆုံးရှိနိုင်သော်လည်း အတည် မပြုနိုင်သေးကြောင်း၊ ပြည်သူ့ရဲဘော်များမှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရှိရသည်။