25.7 C
Yangon

မြန်မာစစ်အုပ်စု၏စစ်ရာဇဝတ်မှုများကို တရုတ်က အားပေးကူညီနေမှုများ ရပ်တန့်ရန် JFM တောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၁၇

တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စု၏ နိုင်ငံတကာ စစ်ရာဇဝတ်မှုများကို အားပေးကူညီနေသည့် လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် Justice For Myanmar (JFM) က တောင်းဆိုလိုက်ပြီး စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

JFM ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ အဓိက ရောင်းချပေးနေသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သလို မြန်မာ့သဘာဝ ဓာတ် ငွေ့၏ အဓိကဝယ်ယူသူနှင့် ရေနံစိမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ဖော်ပြထားသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းများမှ ရရှိသည့် နိုင်ငံခြားဝင်ငွေ အများအပြားသည် စစ်ရာဇ ဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စွပ်စွဲခံထားရသော မြန်မာစစ်အုပ်စုထံ စီးဝင်လျက်ရှိပြီး ယင်းသည် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်အထောက်အပံ့ဖြစ်စေကြောင်း JFM က ထောက်ပြထားသည်။

ထို့ပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခြင်းသည် မြန်မာပြည်သူများက လက်မခံငြင်းပယ်ထားသည့် စစ်အုပ်စုအား နိုင်ငံရေးတရားဝင်မှု ပေးအပ်ရာရောက်ပြီး စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များတွင် တရုတ်အစိုးရ၏ ပါဝင်ပတ်သက်မှုကို ပိုမိုနက်ရှိုင်းစေကြောင်း JFM က ဝေဖန်ထားသည်။

JFM ၏ အဆိုအရ မြန်မာစစ်တပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်ဘက်အခြေခံအဆောက်အအုံများ ဖျက်ဆီးမှုများနှင့် လူအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးရမှုများ ဖြစ်ပေါ်စေရန် တရုတ်နိုင်ငံထုတ် စစ်လက်နက်များနှင့် စက်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြောင်း သိရသည်။

ဥပမာအားဖြင့် တရုတ်နိုင်ငံပိုင် Aviation Industry Corporation of China (AVIC) သည် မြန်မာစစ်တပ်ထံ တိုက်လေယာဉ်များ ရောင်းချပေးနေပြီး ယင်းလေယာဉ်များကို အရပ်သားပြည်သူများအပေါ် ပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုနေကြောင်း JFM က ဆိုသည်။

အလားတူ တရုတ်ကုမ္ပဏီ Sinotruk ကလည်း စစ်တပ်၏ တပ်ဖွဲ့ဝင်များ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်များကို ထောက်ပံ့ပေးနေကြောင်းနှင့် အဆိုပါ တပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ကျေးရွာမီးရှို့ဖျက်ဆီးမှုများ ကျူးလွန်နေသည်ဟု JFM က စွပ်စွဲထားသည်။

JFM က လက်ရှိအချိန်တွင် တရားမဝင်စစ်အုပ်စုသည် တရုတ်နိုင်ငံနှင့် စစ်ရေးနှင့် စီးပွား ရေးဆိုင်ရာ သဘောတူညီချက်အသစ်များ ဆွေးနွေးရန် အခွင့်အရေးရရှိနေပြီး တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများသည် မြန်မာပြည်သူများ၏ ဒုက္ခဆင်းရဲမှုများအပေါ် အခြေခံကာ အကျိုးအမြတ်များ ရယူနေကြောင်း ဝေဖန်ပြောဆိုထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သူများနှင့် အားပေးကူညီသူအားလုံးကို နိုင်ငံတကာဥပဒေအရ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်သင့်ကြောင်း Justice For Myanmar က တောင်းဆိုလိုက်သည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article