25.7 C
Yangon

မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားနေသရွေ့ နိုင်ငံရေးအဖြေရှာမှုနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး မအောင်မြင်နိုင်သောကြောင့် အာဆီယံအနေဖြင့် ချည်းကပ်ပုံ ပြောင်းလဲရန် အရှေ့တီမောသမ္မတ သတိပေး

Must read

ရန်ကုန်၊ ဇွန် ၁၇

မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားနေသရွေ့ နိုင်ငံရေးအဖြေရှာမှုနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းမှုများ မအောင်မြင်နိုင်သောကြောင့် အာဆီယံအနေဖြင့် ချည်းကပ်ပုံ သုံးသပ်ပြောင်းလဲရန် အရှေ့တီမောသမ္မတ ဒေါက်တာ ဟိုဆေး ရာမို့စ်-ဟော်တာ (José Ramos-Horta) က သတိပေးပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် “Navigating Turbulent Times, Pursuing Peace” ခေါင်းစဉ်ဖြင့် လူထုဟောပြောပွဲအပြီး သတင်း ထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အရှေ့တီမော သမ္မတ ဒေါက်တာ ဟိုဆေး ရာမို့စ်-ဟော်တာ (José Ramos-Horta) က မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အာဆီယံအနေဖြင့် လက်ရှိချဉ်းကပ်ပုံကို ပြန်လည်သုံးသပ်သင့်ကြောင်း၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးထက် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း ပြောကြားလိုက်သည်။

အရှေ့တီမောသမ္မတက မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသရွေ့ နိုင်ငံရေးအဖြေရှာမှုများနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းမှုများ အောင်မြင်နိုင်မည်မဟုတ်ကြောင်း ပြောသည်။

“ပထမဆုံး လုပ်ရမှာက တိုက်ပွဲတွေ ရပ်ဖို့ပါ။ ဒုတိယအဆင့်ကလည်း တိုက်ပွဲတွေ ရပ်အောင် ဆက်လုပ်ရမယ်။ ပြီးတော့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကို ပုံမှန်ပြန်ဖြစ်လာအောင် ဆောင်ရွက်ရမယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေ ဝင်ရောက်ကူညီနိုင်အောင် လုပ်ရမယ်။ နိုင်ငံရေးကိစ္စတွေကိုတော့ နောက်မှ ဆက်ဆွေးနွေးနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် “မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ အခြားအင်အားစုတွေက တိုက်ပွဲတွေ ရပ်ဖို့ သဘောတူနိုင်မယ်ဆိုရင် ဒီမိုကရေစီက ခဏစောင့်လို့ရတယ်” ဟု အရှေ့တီမောသမ္မတက ဆက်လက်ပြောဆိုသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သူ ရာမို့စ်-ဟော်တာက ၎င်း၏ အမြင်မှာ အငြင်းပွားဖွယ် ဖြစ်နိုင်သော်လည်း ကမ္ဘာတစ်ဝန်းရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဦးစားပေးအဆင့်များ ခွဲခြားသတ်မှတ်ပြီး ဆောင်ရွက်ရခြင်းမှာ ပုံမှန်ဖြစ်ကြောင်း ရှင်းပြသည်။

မြန်မာနိုင်ငံ၏ ပဋိပက္ခသည် ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံး ပဋိပက္ခများအနက် တစ်ခုဖြစ် ကြောင်း၊ အခြားနိုင်ငံများရှိ လက်နက်ကိုင်ပုန်ကန်မှုများနှင့် မတူဘဲ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း အများအပြား ပါဝင်နေခြင်းကြောင့် ဖြေရှင်းရန် ခက်ခဲနေကြောင်းသူက ရှင်းလင်း ပြောဆိုသည်။

“ကျွန်တော် သိသလောက် ကမ္ဘာပေါ်မှာ လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့လောက် ပါဝင်နေတဲ့ ပဋိပက္ခမျိုးက မြန်မာနိုင်ငံပဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ရှုပ်ထွေးသော အခြေအနေကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာအင်အားစုများက နှစ်ပေါင်းများစွာ ကြားဝင်ဆောင်ရွက်ခဲ့သော်လည်း ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက် မရရှိသေးကြောင်းလည်း ၎င်းက သုံးသပ်သည်။

ထို့အပြင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံအရေးတွင် ယုံကြည်လေးစားခံရသော ကြားနေပုဂ္ဂိုလ်တစ်ဦးကို တာဝန်ပေး၍ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်စေသင့်ကြောင်း အကြံ ပြုခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ပဋိပက္ခကို ၁၉၈၀ ပြည့်နှစ်များနှင့် ၁၉၉၀ ပြည့်နှစ်များအစောပိုင်းတွင် အာဆီယံက ကူညီဖြေရှင်းခဲ့သည့် အတွေ့အကြုံကို ကိုးကား၍ အောင်မြင်သော ငြိမ်း ချမ်းရေးဆောင်ရွက်မှုများတွင် ပြိုင်ဘက်အင်အားစုများကို မျက်နှာမပျက် ထွက်ပေါက်ပေးနိုင်သည့် ဩဇာကြီးမားသော ပုဂ္ဂိုလ်များ လိုအပ်ကြောင်း သူက ထောက်ပြသည်။

“ငြိမ်းချမ်းရေးရနိုင်တယ်။ ဒါပေမယ့် အာဏာသက်ရောက်မှု မြင့်မားတဲ့ လူတစ်ယောက် ပါဝင်ရမယ်။ ဥပမာ ဒေသတွင်းက အငြိမ်းစား ကြယ်လေးပွင့်ဗိုလ်ချုပ်တစ်ယောက်လိုမျိုး” ဟု သူက ဆိုသည်။

သမ္မတ ရာမို့စ်-ဟော်တာက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခသည် နိုင်ငံအတွင်းသာမက အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း ဒုက္ခသည်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲများကို ပိုမိုဖိအားပေးနေကြောင်း သတိပေးသည်။

အထူးသဖြင့် ရိုဟင်ဂျာအရေးကို လျစ်လျူရှုထား၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို ဆွေးနွေးမည်ဆိုပါက မည်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်မဆို ပြည့်စုံမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

“ရိုဟင်ဂျာပြဿနာကို မဖြေရှင်းဘဲ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းလို့ မရနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

နေပြည်တော်ရှိ အာဏာပိုင်များအနေဖြင့် မြန်မာ နိုင်ငံ၏ မတည်ငြိမ်မှုသည် အိမ်နီးချင်းနိုင်ငံများအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေကြောင်း အသိအမှတ်ပြုသင့်ကြောင်း သူက တိုက်တွန်းသည်။

“မြန်မာနိုင်ငံမှာ လုပ်နေတဲ့အရာတွေ၊ မလုပ်ချင်တဲ့အရာတွေဟာ အိမ်နီးချင်းနိုင်ငံတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေကို မတည်ငြိမ်စေတယ်။ အခု အာဏာကို ကိုင်ထားတဲ့သူတွေထဲက တစ်ယောက်ယောက်က သမိုင်းဝင် ဆုံးဖြတ်ချ က်တစ်ခု ချပြီး အားလုံးကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်သင့်တယ်” ဟု သူက ရှင်းပြသည်။

အရှေ့တီမောနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံမှုများရှိနေပြီး မြန် မာစစ်ဗိုလ်ချုပ်များကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားခြင်းကို လက်ခံထားသဖြင့် လက်ရှိတွင် စစ်ကောင်စီနှင့် သံတမန် ရေးအရ တင်းမာမှုများ ဖြစ်ပွားနေသော အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ် သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article