ချောင်းဦးမြို့နယ်၊ ကံဆည်းရွာရှိ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ရဲ ၂ ဦးသေဆုံးပြီး ပျူစောထီး ၁၂ ဦး အရှင် ဖမ်းမိ
ရန်ကုန်၊ ဇွန် ၁၄
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဆည်းကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးကာ ပျူစောထီး ၁၂ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း We Must Win – ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က ချောင်းဦးမြို့အနောက်ဘက် ချောင်းဦးမြို့နှင့် အမြင့်လမ်းကြား၊ ကင်းမွန်ထော် ပျူစောထီရွာအနီးရှိ ကံဆည်းကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နံနက် ၁၀ နာရီခွဲခန့်တွင်စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီး အမျိုးသား ၅ ဦး ၊ အမျိုးသမီး ၇ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
“အလစ်အငိုက်ဝင်တိုက်ပြီး တိုက်မိုင်းချထားခဲ့တာ၊ ကင်းမွန်ထော်ဘက်က စစ်ကူလာသေးတယ်၊ လာတဲ့ သူတွေ တိုက်မိုင်း ၂ လုံး မိပြီး ရဲ ၂ ဦးသေတာ၊ ကျန်တဲ့သူတွေလဲ ဒဏ်ရာအများအပြား ရတယ်၊ အရပ် ဝတ်တွေနဲ့ စစ်ကူလာကြတာ၊ လက်နက်တော့မရလိုက်ဘူး၊ စစ်ခွေးတွေက လူထက် လက်နက်ကို တန် ဖိုးထားတဲ့ပုံပဲ၊ စစ်ကူချက်ချင်းလာမယ်ထင်ပြီး ခံစစ်ပြင်စောင့်နေသေးတယ်၊ မလာတော့ ထွက်ပြေးကျ ကြတာပါ” We Must Win – ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို We Must Win – ပြောက်ကျားတပ်၊ မုံရွာခရိုင် တပ်ရင်း ၅ ၊ တပ်ရင်း ၁၅ C.R.A ခွဲ ၁၊ ဗန္ဓုလအဖွဲ့၊ မြင်းမူလျှပ်စီး အဖွဲ့၊ ONE LPDF ၊ အညာမိုင်းအဖွဲ့၊ အညာဒေသတော်လှန်ရေးအင်အားစု တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖမ်းမိလာသော ပျူစောထီးများကို ညှင်းပန်းနှိပ်စက်ခြင်းမပြုပဲ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖ ထံအပ်နှံပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။