ရန်ကုန်၊ မေ ၁၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ ထော်လာဂျီ ၁ စီး အပါအဝင် စစ်သားများ ခိုးယူခဲ့သော ပြည်သူပိုင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်သား ၅ ဦးလည်း အလင်းဝင်ရောက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် ဗျုဟာ အမှတ် ၄၇ က ထုတ်ပြန်ထားသည်။
မေလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ တပ်မ ၃၃ နှင့် ဘန့်ဘွေးရွာမှ ပျူစောထီးများပါဝင်သော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် တရော်ကျင်းရွာမှ တဆင့် ချောင်းမရွာဘက်သို့ ဦးတည်ထွက်ခွာလာစဉ် လမ်းပိုင်း တနေရာ၌ တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပျူစောထီးခေါင်းဆောင်၏ ညီ ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများထံမှ ခိုးယူထားသော ထော်လာဂျီ ၁ စီးအပါအဝင် အခြား ပစ္စည်းများကိုလည်း ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ပြည်သူများထံသို့ ပြန်လည် အပ်နှံနိုင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် အင်အားအများအပြားသုံးပြု၍ စစ်ကြောင်းထိုးကာ ပြည်သူများကို ဒုက္ခပေးနေခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရနိုင်သည့် နည်းလမ်းများဖြင့် အသုံးပြု၍ တိုင်ပွဲဝင်လျက်ရှိကြောင်း ယင်းမာပင်ခရိုင် ဗျုဟာ အမှတ် ၄၇ က ပြောဆိုထားသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်မှ စစ်သား ၅ ဦးသည်လည်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ လက်နက်ခဲယမ်း တချို့နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသော စစ်သားများအနေဖြင့်လည်း လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လိုပါက ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အစဉ်အမြဲ ကြိုဆိုလျက်ရှိကြောင်း ယင်းမာပင်ခရိုင် ဗျုဟာ အမှတ် ၄၇ က အသိပေးထားသည်။






