ရန်ကုန်၊ မေ ၁၂
နေပြည်တော်၊ တပ်ကုန်းမြို့နယ် အခြေစိုက် ခမရ ၁၀၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ယင်းမာင်ခရိုင်ပကဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ မေလ ၁၂ ရက်နေ့တွင် နေပြည်တော် တပ်ကုန်းမြို့နယ် အခြေစိုက် ခမရ ၁၀၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် MA-1 သေနတ် ၁ လက် ယူဆောင်လာပြီး ယင်းမာင်ခရိုင်ပကဖ အဖွဲ့ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သား ၃ ဦးသည် အကြမ်းဖက် စစ်တပ်၏ စစ်ဆေးဂိတ်က အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ပြီး ဆက်လက် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
” ဒီနေ့ဝင်လာတဲ့ စစ်မှုထမ်း တပ်သားသစ် ၃ ယောက်ကတော့ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၀၉ တပ်ရင်းကပါ။ စစ်မှုထမ်းတပ်သားသစ် ၃ ဦးက သေနတ် ၁ လက်ပါတယ်။ သူတို့ ၃ ဦးက စစ်ခွေးတွေရဲ့ ပေါ်တာဆွဲတာခံရတာပါ။ ခရီးသွားရင်းနဲ့ စစ်ဆေးရေးဂိတ်မှာ အဆွဲခံရတယ်လို့ သိရတယ်။ အလင်းဝင်ရောက်လာတဲ့သူတွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ဖို့ရှိတယ်။ သေနတ်ယူဆောင်လာတဲ့ တပ်သားကိုတော့ ကျွန်တော်တို့က ဆုကြေး သက်သက် ချီးမြှင့်မှာဖြစ်ပါတယ်။ လက်နက်မပါတဲ့ ရဲဘော်တွေကိုတော့ သူတို့ မိသားစုဆီကိုပဲ အရောက်ပြန်ပြီးတော့ ပို့ဆောင်ပေးမှာပါ။ မိသားစုဆီ ပြန်အပ်ပေးမှာပါ။ သေနတ်ပါလာရင်တော့ ပါလာတဲ့ အတွက် သက်သက် ဆုကြေးငွေ သက်သက် ချီးမြှင့်ပေးမှာပါ” ဟု ယင်းမာင်ခရိုင်ပကဖ အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဆက်လက်၍ အကြမ်းဖက် စစ်တပ်အတွင်း အတင်း အဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံရသူများ အနေဖြင့်လည်း အလင်းဝင်ရောက်လိုပါက ဆက်သွယ်ကြရန်နှင့် နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း ယင်းမာင်ခရိုင်ပကဖ အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။





