26.1 C
Yangon

ဖရူဆိုမြို့နယ်တွင် စစ်တပ်က စစ်ဘေးရှောင်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ ၁၅၀၀ ခန့် အရေးပေါ်စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

Must read

ရန်ကုန်၊ မေ ၁၂

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မီးရှို့နေခြင်းကြောင့် ပြည်သူ ၁၅၀၀ ခန့်အရေးပေါ် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး -၂ ဗညားခွန် အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၉ ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဖရူဆို-ထားလဲလမ်းမကြီး ဘေးတလျှောက်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်နေကြရသော စစ်ဘေးရှောင်စခန်းများကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးကာ စခန်းတဲများကို မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် စစ်ဘေးရှောင် ပြည်သူများမှာ ထပ်မံတိမ်းရှောင်ထွက်ပြေးနေကြရကြောင်း သိရသည်။

“နေရာအတော်များများကိုတော့ စစ်ကြောင်းထိုး နေတာရှိတယ်။ အဲဒီနားတစ်ခွင်ပတ်လည် ဖရူဆို- ထားလဲ လမ်းမကြီး တောက်လျှောက်မှာ စခန်းတွေ ကာကင်းတွေ အများကြီးချထားတော့ အဲဒီကနေ ဘယ်လောက်ထွက်လာလဲ မပြောတတ်ဘူး။ အရင်သုံးလေးရက် စစ်ရှောင်စခန်းတစ်ခု မီးရှို့ခံရတယ်။ စစ်ခွေးဝင်လာပြီးတော့ မီးရှို့တာ၊ အဲဒီအ တွက် အရေးပေါ်ကယ်ဆယ်မှုတွေလုပ်နေတယ်။ နောက် ပြီးတော့ အဲဒီ အနီးအနားမှာ နောက်ထပ် စခန်း A ၊ B လို့ သုံးတယ်။ အဲဒီစခန်းကို ဒရုန်းနဲ့ ဗုံးကျဲတာ ရှိတော့ လူထုတွေ ထပ်ပြေးရတာရှိတယ်။ အခုလောလောဆယ်က မိုးလည်း ဒီရက်ပိုင်းထဲမှာ ရွာနေ တော့ နေရာထိုင်ခင်းအခက်အခဲ စိန်ခေါ်မှုရှိ တယ်။ အဓိက က မိုးကာရှိမယ်။ နောက်စစ်ရှောင် စခန်း ကလည်း ရုတ်တရက်ထပြီးတော့ ရွှေ့ရတဲ့ အတွက်ကြောင့် အိုးခွက်ပန်းကန်ကအစ မိုးကာအင်္ကျီက အစ တချို့ဆိုရင် သွားလာတဲ့ ယာဉ်တွေက အစ ကျန်ခဲ့ပြီး စစ်ခွေးတွေ မီးရှို့သွားတဲ့ပါသွားတာ” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ အထွေထွေအတွင်းရေးမှူး -၂ ဗညားခွန်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယခုကာလသည် မိုးဦးကျကာလဖြစ်ပြီး စားနပ်ရိက္ခာကြပ်တည်းသည့်ကာလဖြစ်သောကြောင့် ပိုမိုဆိုး ရွားစွာခံစားနေရကြောင်း၊ ယခင်နှစ်က စုဆောင်းထားသည့် တောင်ယာစပါးများကိုလည်း စစ်တပ်က ဝင်ရောက်မီးရှို့သွားသောကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူများမှာ စားနပ်ရိက္ခာ၊ အိုးခွက်ပန်ကန်၊ အဝတ်အစားများအပြင် မိုးရေထဲစစ်ဘေးရှောင်ရသောကြောင့် ကျန်းမာရေးဆိုင်ရာ ပြသနာများကိုလည်း ရင်ဆိုင်နေရကြောင်း သိရသည်။

“ပြည်သူတွေက အများကြီးတောင့်ခံနိုင်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ လူထုတော်လှန်ရေး ကို ဆက်ပြီးတော့မှ တောင့်ခံမယ်။ ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုကို အတူတကွ ရုန်း ကန်ရင်း တိုက်ယူရင်းနဲ့ ကျနော်တို့ရဲ့တောင်းဆိုတဲ့ လွတ်လပ်မှုအခြေခံအခွင့်အရေးတွေ ကျနော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တစ်ခုကိုတည်ဆောက်ဖို့မျှော်လင့်ပါတယ်။” ဟု ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေး ကောင်စီ အထွေထွေအတွင်းရေးမှူး -၂ ဗညားခွန်အောင်က ပြောဆိုသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများမှာ ဖရူဆိုမြို့နယ်၊ အမှတ် ၁၄ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းသို့သွားသည့် ဖရူဆို -ထားလဲ လမ်းမကြီးဘေးရှိကျေးရွာမှ ပြည်သူများဖြစ်ပြီး လွန်ခဲ့သော ၃ လခန့်က စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် စစ်ဘေးရှောင်နေရသူဖြစ်ကြောင်း၊ ယခုအခါ စစ်ဘေးရှောင်စခန်းများအထိပါ ထပ်မံစစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးနေမှုကြောင့် ထပ်မံ တိမ်းရှောင်နေရခြင်းဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၅၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလ ၈ ရက်နေ့ကလည်း ဖရူဆို့မြို့နယ်၊ ဝှယ်ဒူးလျားစစ်ရှောင်စခန်းကို ရုတ်တရက် သေနတ်များ ပစ်ဖောက်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article