လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၈ နှစ်မြောက် မွေးနေ့ “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ပန်းသပိတ်တွင် ပြည်သူများ ပါဝင်ကြရန် ဒေါက် တာ တေဇာဆန်းတိုက်တွန်း
■ စစ်အာဏာရှင်ကို သွေးမကြောင်ကြောင်း တစ်နိုင်ငံလုံး ပန်းများ ဖွေးဖွေး လှုပ် ခြင်းဖြင့် ပြသကြမည်
ရန်ကုန်၊ ဇွန် ၁၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၈ နှစ်မြောက် မွေးနေ့ အဖြစ် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ပန်းသပိတ်တွင် ပြည်သူများ ပါဝင်ကြရန် မန္တလေးသပိတ် ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြည်သူများကိုတိုက်တွန်း ပြောဆိုလိုက်သည်။
အကြမ်းဖက် စစ်ကောင်စီက မတရားထောင်သွင်းအကျဉ်းချထားသည့် လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်သည် ၇၈ နှစ်မြောက် မွေးနေ့ကို နေ ပြည် တော် အချုပ်ထောင်တွင် ဖြတ်သန်းရမည်ဖြစ်ပြီး အကျဉ်းထောင်တွင် ဖြတ်သန်းရသည့် တတိယမြောက်မွေးနေ့လည်းဖြစ်သည်။
“လက်နက်အားကိုး ဗိုလ်ကျချင်တဲ့ ဖက်ဆစ်အာဏာရူးတသိုက် ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျနော်တို့ ပြည်သူတွေ သွေးကြောင်သွားမှာ မဟုတ်ဘူး၊ နီတဲ့သွေးက ရဲရင့်လျက်ပဲ၊ လူထုတော်လှန်ခြင်းရဲ့ ပန်းတွေကတော့ ဖွေး ဖွေးလှုပ် အောင် ဆက်လက် ပွင့်နေမှာဖြစ်ကြောင်းကို လာမယ့် ဇွန် ၁၉ မှာ တနိုင်ငံလုံ ပြည်လုံးကျွတ် အုံးအုံးကြွကြွ သက်သေပြလိုက်ကြပါစို့” ဟု မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောဆိုသည်။
ထို့ပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်အင်အားစုများကလည်း ဒေါ်အောင်ဆန်းစုကြည် ၏ ၇၈ နှစ်မြောက် မွေးနေ့ တွင် ပြည်သူများ ပါဝင်ကြရန် တိုက် တွန်း ထားသည်။
“အခုလာမယ့် (ဇွန်လ၊ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်) ဟာ အဓမ္မ ဖမ်းဆီးခံထားရတဲ့၊ ပြည်သူအများ မြတ်နိုး လေးစား တန်ဖိုးထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၈) နှစ်ပြည့် မွေးနေ့ချိန်ခါ ဖြစ်ပါတယ်။ အဲဒီနေ့မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ သောင်းနဲ့ချီတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေး အကျဥ်းသား များကို ဂုဏ်ပြုလေးစား၊ အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော် လှန် ရေးသမိုင်း အဆက် ဆက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ် းရွက်နေကြတဲ့ အမျိုးသမီးထုရဲ့ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်း ကောင်း ကျွန်တော်တို့ ပြည်သူလူထုအားလုံးက ပန်းသပိတ် လူထုလှုပ် ရှားမှုကြီးကို နိုင်ငံလုံးကျွတ် ဖော်ဆောင်၊ ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်” ဟု သပိတ်အင်အားစုများက တိုက်တွန်းသည်။
“ဒီပန်းသပိတ်လှုပ်ရှားမှုရဲ့ အဓိပ္ပာယ်က ကျနော်တို့လူထုက ဒီစစ်အာဏာရူးတွေ ရဲ့ ရက်စက်ယုတ်မာ အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံ့၊ သွေးပျက်၊ ချောက်ခြားပြီး တော်လှန်ရေးမှာ နောက်ဆုတ် သွားမှာ မဟုတ်ဘူး၊ ဇွဲလျော့သွားမှာ မဟုတ်ဘူး၊ သွေးအေးသွားမှာ မဟုတ်ဘူး။ ကျနော်တို့ဟာ စစ်မိစ္ဆာတွေကို ဆက်လက်ပြီးတော့ အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်။ ကြောက်သွားမှာ မဟုတ်ဘူး၊ ကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲမျိုးစုံကို ခံနေရပါစေ၊ အာဏာရူးကို မောင်းထုတ်ဖို့အတွက်ဆို ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲဆိုတာကို ဖော်ညွှန်းခြင်းပဲ ဖြစ်ပါတယ်။နောက်ထပ် အဓိပ္ပာယ်တစ်ခုကတော့ ဇွန် ၁၉ ရက် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကို ကမ္ဘာကရော ၊ ကျနော်တို့မြန်မာပြည်သူတွေကပါ ပန်းနဲ့တွဲပြီး ရှုမြင်တတ်ကြတယ်မို့လား။ဇွန် ၁၉ မှာ ပန်းသပိတ်လှုပ်ရှားမှုအပြင် အနုပညာရှင်တွေ၊ Social Influencer တွေကလည်း လူထုကို ဖျော်ဖြေတင်ဆက်မှုအချို့ ပြုကြမယ်လို့ သိရပါတယ်။ အထူး သဖြင့် ခွန်အားဖြည့် မိငယ်၊ သွေးမုန်တိုင်း၊ အရေးကြီးပြီ အစရှိတဲ့ တော်လှန်အားဖြည့် သီချင်းတွေကို ဆိုကြ၊ တီးကြမှာပါ”ဟု သပိတ်အင်အားစုများက တိုက်တွန်းသည်။
ပြည်သူများအနေဖြင့် ပန်းများ ဖွေးဖွေးလှုပ်စွာဖြင့် စစ်အာဏာရှင်ကို တော်လှန်ကြရန်လည်း သပိတ်အင်အားစုက တိုက်တွန်း ထားသည်။
“ဒါ့ကြောင့် ကျနော်တို့တွေ လာမယ့် ဇွန် ၁၉ မှာ နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲကြပါစို့။ ကျနော်တို့တွေ အဲ့ဒီနေ့မှာ ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။ Online ကော Off-line မှာပါ ပန်းသပိတ်ကမ်ပိန်း ဆောင်ရွက်ကြမယ်ဗျာ။လမ်းမထက်မှာ နိစ္စဓူဝ လှုပ်ရှားသွားလာကြမယ့် အမျိုးသမီး၊ အမျိုးသား ပြည်သူအားလုံးကလည်း ပန်းပန်ကြမယ်၊ ရင်ဘတ်မှာ ပန်းထိုးကြမယ်ဗျာ။ ပန်းနဲ့ပတ်သက်ဆက်နွယ်တဲ့ လှုပ်ရှားမှုမျိုးစုံကို မိမိတို့ ဉာဏ်ရှိသလို ဆန်းသစ် တီထွင် ကွန့်မြူးပြီး ဖော်ဆောင်ကြမယ်ဗျာ။ ပန်းအမျိုးအစားကိုတော့ ကန့်သတ်မထားပါဘူး။ မိမိတို့နှစ်သက်ရာ၊ အဆင်ပြေရာ၊ လက် လှမ်းမီရာ ပန်းကို အသုံးပြုနိုင်ကြပါတယ်ဗျာ။လက်နက်အားကိုး ဗိုလ်ကျချင်တဲ့ ဖက်ဆစ်အာဏာရူးတွေက ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျနော်တို့ လူထုတော်လှန်ခြင်းရဲ့ ပန်းတွေကတော့ ဖွေးဖွေးလှုပ်အောင် ဆက်လက် ပွင့်နေမှာဖြစ်ကြောင်းကို လာမယ့် ဇွန် ၁၉ မှာ တစ်နိုင်ငံလုံး သက်သေပြလိုက်ကြပါစို့” ဟု သပိတ်အင်အားစုများက ဆိုကြသည်။