ရန်ကုန်၊ ဧပြီ ၂၄
မြန်မာနိုင်ငံတစ်ဝန်း KIA ၊ KNU ၊ AA ၊ MNDAA ၊ UWSA ၊ NDAA၊ TNLA အပါအဝင် တိုင်းရင်း သားများနှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော မြို့နယ် ၆၀ ခုကို အကြမ်းဖက် မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ယမန်နေ့ညပိုင်း ကြေညာသည်။
အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ်အခြေအနေကြေညာခြင်းဖြစ်ပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များအား စစ်တပ်ဦးစီးချုပ် ရဲဝင်းဦးကို လွှဲအပ်ကြောင်း ကြေညာထားသည်။
အဆိုပါ နယ်မြေများမှာ KIA ၊ KNU ၊ AA ၊ MNDAA ၊ UWSA ၊ NDAA၊ TNLA အပါအဝင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NUG လက်အောက်ခံ PDF နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများဖြစ်သည်။
အရေးပေါ်အခြေအနေကြေညာသည့် မြိုနယ် ၆၀ မှာ ကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေမြို့နယ်၊ ကယားပြည်နယ်တွင် ရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊ ကရင် ပြည်နယ်တွင် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ ချင်းပြည်နယ်အတွင်းရှိ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ဖလမ်းတို့ပါဝင်သည်။
အလားတူ စစ်ကိုင်းတိုင်းရှိ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနှင့် အင်းတော်၊ မကွေးတိုင်းရှိ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြို၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငါန်းဇွန်မြို့နယ်၊ ရခိုင်ပြည်နယ်တွင် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်တို့ပါဝင်သည်။
ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနှင့် မိုင်းလားတို့လည်း ပါဝင်နေသည်။
စစ်အုပ်ချုပ်ရေး အမိန့်သည် ဧပြီလ ၂၃ ရက်နေ့မှ ရက်ပေါင်း ၉ဝ အထိ အတည်ဖြစ်ကြောင်း ကြေညာထားသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ဧပြီလ ၂၀ ရက်နေ့တွင် ရက်ပေါင်း ၁၀၀ အတွင်း ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ EAO တိုင်းရင်းသားလက်နက်ကိုင်များကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသော်လည်း တစ်ဖက်တွင်လည်း တိုင်းရင်းသားများ ထိန်းချုပ်ထားသော နယ်မြေများကို စစ်အုပ်ချုပ်ရေး ကြေညာနေခြင်းဖြစ်သည်။




