သရက်ချောင်းမြို့နယ်၊ ရငဲရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူ ၂၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား
ရန်ကုန်၊ ဇွန် ၁၆
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ အင်းဗူးရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ အင်းဗူးရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူပိုင် နေအိမ် ၂ လုံး မီးလောင်ကျွမ်းလျက်ရှိကြောင်း၊ ရငဲရွာ ကျေးရွာမှ ပြည်သူ ၂၀၀ ကျော်ကိုလည်း ဖမ်းဆီးထားပြီး လူသားဒိုင်းအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။
” ရငဲရွာ အင်းဗူးအပိုင်းမှာရှိတဲ့ အင်းဗူးစာသင်ကျောင်အနီး နေအိမ်တွေကို စစ်ခွေးတွေက ဒီနေ့ နံနက်ပိုင်းမှာ မီးတင်ရှို့နေတယ်။ လက်ရှိ နေအိမ် ၂ လုံး ပြာကျသွားပြီလို့ သိရတယ်။ နောက်ထပ် အိမ်တွေကိုလည်း ထပ်ရှို့နေတယ်လို့ကြားတယ်။ ရငဲရွာသား ၂၀၀ ကျော်ခန့်ကို ဖမ်းဆီးထားပြီး လူသားတဒိုင်း အဖြစ် အသုံးပြု ထားတယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
ရငဲရွာမှ ပြည်သူအများစုသည် ထိုင်းဘက်တွင် အလုပ်လုပ်ကိုင်သူများပြားသောကြောင့် ထိုင်းပစ္စည်းအသုံးအဆောင် ရှိသော နေအိမ်များကို အကြမ်းဖက် စစ်တပ်က ရိုက်ချိုး ဝင်ရောက်ပြီး တန်ဖိုးကြီး ပစ္စည်းများကို မြေသယ်ကား ၂ စီးဖြင့် ခိုးယူလျက်ရှိကြောင်း သိရသည်။