26 C
Yangon

အကြမ်းဖက် စစ်အုပ်စုကို တရားဝင်မှု ပေးနေတဲ့ အာဆီယံ ADMM PLUS ဆွေးနွေးပွဲ နှင့် စစ်ရေးလေ့ကျင့်မှု အစီအစဥ်

Must read

အကြမ်းဖက် စစ်အုပ်စုကို တရားဝင်မှု ပေးနေတဲ့ အာဆီယံ ADMM PLUS ဆွေးနွေးပွဲ နှင့် စစ်ရေးလေ့ကျင့်မှု အစီအစဥ်

ရန်ကုန်၊ ဇွန် ၂၂ ၂၀၂၃

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ရဲ့ ဆက်စပ်အစီအစဥ်တွေ ဖြစ်တဲ့ မြန်မာစစ်အုပ်စုနဲ့ ရုရှားအစိုးရတို့ ပူးတွဲဦးဆောင်မယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ADMM PLUS အလုပ်ရုံဆွေးနွေးပွဲကို မကြာမှီလပိုင်းအတွင်း ကျင်းပမယ်လို့ သိရပါတယ်။

သြဂုတ်လအတွင်း မြန်မာနိုင်ငံမှာ စားပွဲဝိုင်းအဆင့် ဆွေးနွေးလေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ပြီး စက်တင်ဘာလအတွင်းတော့ ရုရှားနိုင်ငံမှာ လက်တွေ့ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်မယ်လို့ သိရတာပါ။

ဒီလအတွင်းမှာတော့ အာဆီယံအဖွဲ့ဝင်တွေနဲ့အတူ တရုတ်နဲ့ အိန္ဒိယတို့ ပါဝင်တဲ့ ပြင်ဆင်ရေး ညီလာခံကို ရုရှားနိုင်ငံ Khabarovsk မှာ ကျင်းပခဲ့ပါတယ်။အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ နယူးဇီလန်နိုင်ငံ တွေကတော့ အဲဒီအစည်းအဝေးကို သပိတ်မှောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အာဆီယံရဲ့ လက်တွေ့အကူအညီနဲ့ စစ်အုပ်စုတပ်တွေကို လေ့ကျင့်ပေးတဲ့ ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ပြည်သူတွေအပေါ် အကြမ်းဖက်မှုစစ်ဆင်ရေးတွေ ကျူးလွန်နေတဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ကို ကူညီလေ့ကျင့်ပေးစေမှာ ဖြစ်သလို၊ အကြမ်းဖက်စစ်အုပ်စု လက်ရှိ ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ပိုမိုရှုပ်ထွေးသွားစေမှာ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်အုပ်စုက တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှု ကျူးလွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မြန်မာအကြမ်းဖက်စစ်တပ်ဟာ လူပေါင်း ၃,၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ လူပေါင်း ၂၃၀၀၀ ကျော်ကို မတရားဖမ်းဆီးတာ၊ အဆင်ခြင်မဲ့ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်တာ၊ ပစ်ခတ်တာ၊ ညှင်းပမ်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေအပြင် အနည်းဆုံး လူပေါင်း ၁ ဒသမ ၅ သန်း ကျော်ကို အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကစပြီး ADMM ရဲ့ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ကို မြန်မာစစ်အုပ်စု လေ့ကျင့်ရေးဌာန ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မျိုးသန့်နဲ့ ရုရှားအရှေ့ပိုင်း စစ်ဗျူဟာခရိုင် စစ်ဆင်ရေး ဗျူဟာမှူး ဗိုလ်ချုပ် Grigori Tiurin တို့ ဦးဆောင်ထားပြီး သူတို့ရဲ့ ပူးတွဲ ဥက္ကဋ္ဌတာဝန်ဟာ ဒီနှစ်မှာ ကုန်ဆုံးမယ်လို့ သိရပါတယ်။

မကြာခင် လပိုင်းအတွင်း မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပဖို့ လုပ်နေတဲ့ ဒီအကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM) ကို Justice For Myanmar (JFM) က တောင်းဆိုထားပါတယ်။

ADMM အလုပ်အဖွဲ့ဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး ရည်ရွယ်ချက်တွေအတွက် အသုံးချခံ ဖြစ်နေပြီး၊ စစ်အုပ်စုဟာ တရားဝင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDFs) နဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့အတွက် ဒေသတွင်း အကူအညီရယူဖို့ အလုပ်အဖွဲ့ကို အသုံးချနေတယ်လို့ JFM က ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်အုပ်စုရဲ့ ဝါဒါဖြန့်မီဒီယာတွေမှာ ဖော်ပြထားတဲ့ အောင်မျိုးသန့်ရဲ့ “NUG နဲ့ PDF တို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို မီးမောင်းထိုးပြဖို့နဲ့ တပ်မတော်က ကြေညာထားသလို မဲလိမ်မှုမှာ ငြိမ်းချမ်းစွာ အဖြေရှာဖို့ နည်းလမ်းမျိုးစုံနဲ့ တပ်မတော်ရဲ့ ကြိုးပမ်းမှု၊ ဆွေးနွေးမှုတွေအပေါ် NLD အစိုးရဘက်က ပယ်ချခဲ့ပြီး အငြင်းပွားဖွယ် ရွေးကောက်ပွဲရလဒ်တွေနဲ့ အစိုးရသစ်ဖွဲ့ဖို့ ကြံရွယ်ထားတယ်” လို့ဆိုထားတဲ့ ပြောကြားချက်တွေက သက်သေခံနေပါတယ်။

အာဆီယံရဲ့ မြန်မာစစ်အုပ်စုကို အသိအမှတ် ပြုနေတဲ့ သဘောရောက်တဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မြန်မာလူထုရဲ့ လူ့အခွင့်အရေးကို ထိခိုက်စေမဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ လိုအပ်တယ်လို့လည်း JFM ကဆိုပါတယ်။

စစ်တပ်ရဲ့ အပြစ်ပေးအရေးယူခံရခြင်း မရှိတဲ့ ရက်စက်ယုတ်မာမှုတွေကို အဆုံးသတ်နိုင်ဖို့ လိုအပ်နေပြီး၊ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ရဲ့ အစီအစဥ်တွေဟာ ထိရောက်တဲ့ နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ နေရာမှာ အတားအဆီး ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ ကမ္ဘာ့အသိုက်အဝန်းအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မအောင်မြင် အလုပ်မဖြစ်ကြောင်း အထောက်အထားတွေ လိုအပ် နေသေးတယ်ဆိုရင် အာဆီယံရဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးမှာ ပြည်သူတွေကို နေ့စဉ်အကြမ်းဖက် နေတဲ့ မြန်မာစစ်အုပ်စုတပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ လုပ်ရပ်ဟာ လယ်ပြင်ဆင်သွားသလို လက်ဆုပ်လက်ကိုင် ငြင်းမရ ထင်ရှားတဲ့ သာဓက ဖြစ်ကြောင်း ပြောလိုပါတယ်”

“အာဆီယံက အစီအစဥ်နဲ့ စစ်အုပ်စုကို လေ့ကျင့်ပေးနေတဲ့လုပ်ရပ်တွေက မြန်မာလူထုအပေါ် စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပိုမိုရှုပ်ထွေးစေပါလိမ့်မယ်။ မြန်မာ့အကျပ်အတည်း ကို ဖြေရှင်းရာမှာ ကူညီပေးရမယ့်အစား အာဆီယံရဲ့ လုပ်ပုံတွေက ပိုဆိုးလာပြီး အမှန်တကယ်ကို အန္တရာယ်ရှိစေပါတယ်”။

အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုအောက်မှာ လေ့ကျင့်ခန်းတွေ ဆက်လုပ်သွားမယ်ဆိုရင် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းအစိုးရတို့ဟာ လေ့ကျင့်ခန်း အစီအစဥ်တွေကို သပိတ်မှောက်ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ထောက်ခံတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article