ရန်ကုန်၊ မတ် ၉
၂၀၂၂ ခုနှစ်၊ မတ်လ ပထမတပတ်အတွင်း ကရင်နီပြည်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်သား ၄၃ ဦး ထက်မနည်းသေဆုံးကာ KNDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး၊ ပြည်သူ ၅ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သလို လယ်ထွဲကျေးရွာရှိ ကလေးငယ် ၃ ဦးမှာ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်တောင်ပိုင်းမှတဆင့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုဘက်သို့ ထိုးစစ်ဆင်ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် စစ်သားအင်အား အလွန်အကျွံအသုံးပြုသလို သံချပ်ကာအမြှောက်ကားများနှင့် MLRS ခေါ် အတွဲလိုက်ပစ်ခတ်နိုင်သည့် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းမှလည်း နေ့စဉ်ရက်ဆက် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ စစ်ကြောင်းထိုးမည့် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း လေယာဉ်ဖြင့် ဗုံးကျဲခြင်းများကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ စာသင်ကျောင်းများ၊ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNDF က ဆိုသည်။
မတ်လ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သည် ဆင်တောင်ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင် နန်းဖဲကျေးရွာအုပ်စု၊ ကွက်သစ်ကျေးရွာရှိ ပြည်သူ ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ မတ်လ ၈ ရက် နေ့လယ်တွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ၁ လုံးသည် လွိုင်ကော်၊ လယ်ထွဲကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ဖခင်ဖြစ်သူနှင့် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
မတ်လ ၈ ရက် နံနက် အစောပိုင်းတွင် ဒီးမော့ဆို ဆောင်ဒူလာကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပရဟိတ ကယ်ဆယ်ရေးလုပ်သား ၂ ဦး ဒဏ်ရာရခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်၊ ပူးဖားကျေးရွာတွင် ယမန်နေ့ မတ်လ ၈ ရက်အထိ တပ်စွဲထားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။