29 C
Yangon

စစ်ကိုင်းတွင် စစ်သားများ လိုက်ပါလာသော ယာဥ်တန်းကို တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ လောင်းလုံးရှိ စစ်တပ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

စစ်ကိုင်းတွင် စစ်သားများ လိုက်ပါလာသော ယာဥ်တန်းကို တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ လောင်းလုံးရှိ စစ်တပ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာအနီးတွင် စစ်သားများ လိုက်ပါလာသော ယာဥ်တန်းကို မိုင်းဆွဲပြီး ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးနိုင်ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၁၀ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းမှ Mark II (ရွှေငါး ကားနှင့် ဒိုင်နာပုံပြောင်းကား ၂ စီးကို အုန်းတောရွာနှင့် စစ်ကိုင်းမြို့ကြားတွင် မိုင်း ၉ လုံး ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဒိုင်နာကားဦးခေါင်းကို တိုက်ရိုက်ထိမှန် ပျက်စီးသွားပြီး ကား ပေါ်မှ အကြမ်းဖက်စစ်သားများ ဆင်းလာကာ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ကားကို မိုးကာအုပ်ထားသော ဘယ်နှစ်ကောင်လောပါလဲ မသိရဘူးဗျ၊ မိုင်းဆွဲပြီးတော့ ကားရပ်သွား တယ်၊ ဘေးပတ်ဝန်းကျင်ကို အကုန်ပတ်ပစ်နေတာ၊ ကျနော်တို့လဲ ဆက်မကြည်ပဲ ပြေးခဲ့ရတယ်၊ ကားက တော့ ရှေ့ခေါင်းပိုင်း မှန်တွေ အကုန်ပွင့်ထွက် ကွဲချကုန်တာ၊ အနားမှာလဲ ကားအပိုင်းအစတွေ ကျန်ခဲ့ တယ်၊ ဒရုန်းမစ်ရှင်ကတော့ ဗုံးသီး ၄ လုံးချတာ တစ်လုံးမကွဲဖူး၊ ဒရုန်းချတာရော မိုင်းဆွဲတာရော စစ် ခွေး ၄ ဦးသေတယ်လို့ သတင်းကကြားတယ်၊ အတည်ပြုနိုင်ဖို့တော့ ခက်တယ်၊ သတင်းပဲထွက်နေတာ၊ မေးမရဘူး” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ဇွန်လ ၂၅ ရက်နေ့လည် ၁၂ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်း လှည့်လည်စစ် ကြောင်းထိုးပြီး အုန်းတောကျေးရွာ တပ် အတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်သား ၁၀၀ ခန့် ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက် ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများ မှ တပ်ဝန်းကျင်အနီးရှိ ကျေးရွာများကို ကင်းလှည့်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို အညာသားညီနောင် တပ်ပေါင်းစု (ABCF) ၊ Phoenix SGG ၊ အညာသားလေး SGG ၊ Unicorn Guerilla ၊ Fight For Fedral ၊ စစ်ကိုင်းမြို့နယ် ပကဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၇ တို့ပူး ပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အင်းဝတောင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အင်းဝတောင်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အင်းဝတောင်ပေါ်စခန်းအတွင်းသို့ ၇ လုံး ကျရောက်ပေါက်ကွဲကာ စစ်တပ်ဘက်မှလည်း ၁၀ လုံးထက်မနည်း ပြန်လည် ပစ်ခတ်ခဲ့ကာ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ကြာမြင်ခဲ့ကြောင်း သိရသည်။

အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားစဥ်အတွင်း အကြမ်းဖက် စစ်တပ်ထံ စစ်ကူပေးရန် ထားဝယ်-ကမြောကင်း တံတားဘက်မှ ခြေလျင်စစ်ကြောင်းဖြင့် အင်အား ၂၅ ဦးသည် ကဘူတောင်ဆင်း ကမြောတံတားအနီးအထိ ဆင်းလာပြီး တံတားအနီးတွင် မိနစ် ၄၀ ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့​ကာ ဆုတ်ခွာသွားကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမှတွင် အင်အား ၂၀ ခန့်ပါဝင်သော အကြမ်းဖက် စစ်တပ်က ခြေလျင်စစ်ကြောင်းဖြင့် ထားဝယ်-အင်းဝ တောင်စခန်းလမ်းပိုင်းကို မိုင်းရှင်းလင်း ရှာဖွေရေးများ လုပ်ဆောင်ခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် မြေတင်ကားဖြင့် ၂၀ ဦးခန့် ထပ်မံဖြည့်တင်း၍ စုစုပေါင်း အင်အား ၄၀ ခန့်ဖြင့် အကြမ်းဖက် စစ်တပ်က ယင်းစခန်း၌ တပ်စွဲထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့- LLPDF နှင့် အထူး ပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး LLPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article