ရန်ကုန်၊မတ် ၉
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မနကျေးရွာနှင့် တောင်နီကျေးရွာကြားတွင် ယမန်နေ့ မတ်လ ၈ ရက် ည ၇ နာရီ ဝန်းကျင်တွင် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး နေမျိုးထက် ပွဲချင်းပြီး သေဆုံးသွားကြောင်း တပ်သတင်းရင်းမြစ်များက ပြောသည်။
မိုးကောင်းတွင် မိုင်းဆွဲခံရမှုကြောင့် သေဆုံးသွားသော စစ်သားမှာ မိတ္တီလာလေကြောင်း အတတ်သင်၊ လေတပ်စခန်းဌာနချုပ်(လသခ) မှ အခတကက နေမျိုးထက် ဖြစ်ပြီး တပ်ကြပ်ကြီးနေမျိုးထက်သည် စစ်တပ်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ(ဟိုပုံး) အပတ်စဉ် ၇ သင်တန်းဆင်းဖြစ်ကြောင်း သိရှိရသည်။
“တံတားဦးကနေ မြစ်ကြီးနားကို ဆီသွားပို့တာပါ။ မိုးကောင်းမှာ မိုင်းဆွဲခံရတာ။ တပ်ကြပ်ကြီး နေမျိုးထက်က ပွဲချင်းပြီးဆုံးတော့ သူ့ဇနီးကို ချက်ချင်း လေယာဉ်နဲ့ မြစ်ကြီးနားကိုခေါ်ပြီး နာရေးအတွက် စီစဉ်တယ်” ဟု လေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အလားတူ ကွန်ပျူတာဒီပလိုမာ အပတ်စဉ် ၁၄ မှ သင်တန်းဆင်း တပ်ကြပ်ကြီးစာရေးတစ်ဦးလည်း စစ်ကားဖြင့် သွားလာစဉ် မိုင်းဆွဲခံရ၍ သေဆုံးသွားကြောင်း တပ်သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်ထံ ဓာတ်ပုံများ ပေးပို့လာပြီး မိုင်းဆွဲခံရမှုနှင့် သေဆုံးသွားသော တပ်ကြပ်ကြီး စာရေး၏ အမည်များကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။