ရန်ကုန်၊ ဇွန် ၁၈
တရုတ်ပြန် အကြမ်းဖက် မင်းအောင်လှိုင်ကို အိန္ဒိယခရီးစဉ် အိမ်ပြန်လမ်းထက် ပိုမို စည်စည်ကားကား ကြိုဆိုကြရေးအတွက် အနုပညာအသိုင်းအ၀ိုင်း၊ လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ နှင့် စီးပွားရေးအဖွဲ့အစည်းများကို နေပြည်တော်ကို ဆင့်ခေါ် ထားပြန်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်နေခြင်းဖြစ်ပြီး မနက်ဖြန်တွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။
“အိန္ဒိယခရီးစဉ်ထက်ပိုပြီး ခမ်းခမ်းနားနားကြိုဖို့ ရုပ်ရှင်၊ အဆိုတော်၊ အနုပညာရှင်တွေ၊ လူမှုရေးအဖွဲ့တွေ၊ တိုင်းရင်းသားရိုးရာ အကအလှ အတီးအမှုတ်အဖွဲ့တွေ နဲ့ စီးပွားရေးအဖွဲ့တွေပါ ခေါ်ထားတယ်။ ဒီတရုတ်ခရီးစဉ်က အိန္ဒိယခရီးစဉ်ထက်ပိုပြီး အောင်မြင်တယ်ပေါ့။ အဲဒါကြောင့် ပိုပြီး ခမ်းခမ်းနားနားကြိုဆိုကြတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်ကို လာရောက်ကြိုဆိုကြမည့် ရုပ်ရှင်နှင့် အနုပညာအသိုင်းအ၀ိုင်း အပါအဝင် အဖွဲ့အစည်းများကို ကြိုဆိုရေး၊ တည်းခိုရေး၊ စားသောက်ရေးများကို နေပြည် တော်ကောင်စီ ၊ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာများ က စီစဉ်ပေးထားကြောင်း သိရှိရသည်။
“နေစားစရိတ်ငြိမ်း အကုန်စီစဉ်ပေးတာ။ နေပြည်တော်ဟိုတယ်ဇုန်မှာ အခန်းတွေ စီစဉ်ပေးတယ်။ ကြိုဆိုရေး သွားလာရေး အစ အကုန်အပြီးအငြိမ်းခေါ်တာ။ သူတို့ မုန့်ဖိုးပြန်ပေးတာ ရှိတယ်။ အဲဒါကတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေဘက်က စီစဉ်ပေးတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် ပြည်ပခရီးစဉ်များမှ ပြန်လာတိုင်း ယင်းကဲ့သို့ စည်စည်ကားကား ခမ်းခမ်းနားနား ကြိုဆိုမှုကို သဘောကျနှစ်ခြိုက်ကြောင်း သိရှိရသည်။





