မုံရွာမြို့ရှိ စစ်တပ် ဂိတ်စခန်းများ ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် မြို့အဝင်လမ်းပိုင်းကို စစ်တပ်က ဖျက်ဆီး
ရန်ကုန်၊ ဇွန် ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် မြို့အဝင်လမ်းပိုင်းကို စစ်တပ်က ဖျက်ဆီးခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၆ ရက်နေ့ ည ၈ နာရီ ၃၉ မိနစ်ခန့်တွင် မုံရွာ-အမြင့် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က စတုတ္ထအကြိမ်အဖြစ် လာရောက် ဖျက်ဆီးခဲ့ကြောင်း၊ ဖျက်ဆီးခံရသော လမ်းပိုင်းသည် မုံရွာ မြို့ပေါ်ထိ သွားလာနိုင်ပြီး ဇွန်လ ၂၅ ရက်နေ့ ညပိုင်းတွင် မုံရွာမြို့ရှိ တပ်စွဲထားသော စစ်တပ်ဂိတ်များ ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် လာရောက် ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က အင်အား ၇၀ ကျော်ခန့်ဖြင့် ညောင်ပင်သာကျေးရွာ ဘုန်းကြီးကျောင်း မုခ်ပေါက်ရှေ့တည့်တည့်မှ စတင်ကာ လမ်းပိုင်းကို ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
” မနေ့က စစ်ခွေးတွေ တပ်စွဲထားတာကို သွားပစ်တယ်လို့ သိရတယ်။ အဲ့လမ်းပိုင်းမသုံးဘူး။ စစ်ခွေးတွေက သုံးတယ်ထင်ပြီး ဒီနေ့လာဖျက်တာပဲ အင်အား ၇၀ ကျော်နဲ့ လာဖျက်သွားတယ်။ အဲလမ်းပိုင်းက မုံရွာမြို့အဝင်မှာရှိတဲ့ စစ်ခွေးတွေ တပ်စွဲထားတဲ့ လဝက ရုံးဟောင်းဂိတ်၊ ရေဦးဆန်ဆိုင်ဂိတ်၊ ကညနရုံးဂိတ်နဲ့ မအူဂိတ်တွေ သွားလို့ရတယ်။ စစ်ခွေးတွေက အဲမှာ ဂိတ်ယူပြီး တပ်စွဲထားတာ” ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။