လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့်ဒေါ်လာများ ပေးခဲ့ သည် ဟု စစ်ကောင်စီ အလိုကျ ထွက်ဆိုခဲ့သူ မောင်ဝိတ် ထိန်းသိမ်းခံထားရရာမှ ပြန် လွတ်လာ
ရန်ကုန်၊ ဇွန် ၂၉
အကြမ်းဖက်စစ်ကောင်စီက မတရားအမှုဆင် ဖမ်းဆီးစဉ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့်ဒေါ်လာများ ပေးခဲ့သည်ဟု စစ်ကောင်စီ အလို ကျ ထွက်ဆိုခဲ့သူ မောင်ဝိတ်သည် ယနေ့ စစ်ကောင်စီ၏ ထိန်းသိမ်းမှု ခံထားရရာမှ ပြန်လွတ် လာကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ရေးသား ချက်အရ သိရှိရသည်။
စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် အိမ်ပြန် ရောက်ရှိလာကြောင်း လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ ရေးသား ဖော်ပြထားသည်။
“၂၉ ဇွန် ၂၀၂၃
• ကံဇာတ်ဆရာရေ….
• ကျနော်အိမ်ပြန်ရောက်လို့ကျေးဇူးတင်ပါတယ်….. ကျနော့အမေလည်းဝမ်းသာပါတယ်….
• ကြုံလို့ကံဇာတ်ဆရာမေ့နေမှာစိုးလို့…
• ကျနော်ပြောစရာရှိတယ်…..
• လူတစ်ယောက် အထူးသဖြင့် ယောက်ကျားတစ်ယောက်ရဲ့အသက် ၃၀ နဲ့ ၄၀ ကြားဆိုတာ လူ့ဘဝရဲ့ အားအကောင်းဆုံးအချိန်လို့ဆိုကြတယ်၊ အဲ့ဒီအားအကောင်းဆုံးအချိန် ၁၀နှစ်မှာ ၅နှစ်ခွဲ ( ၃၁.၅.၂၀၀၈ မှသည် ၃.၁.၂၀၁၄ ) က အကြပ်အတည်းတွေနဲ့ ဘဝတက္ကသိုလ် တစ်ခုပြီးတစ်ခု မှာ ကံဇတ်ဆရာကျနော့ကို ထားခဲ့တယ်…..
• ယောက်ကျားတစ်ယောက်ရဲ့ ဒုတိယအားအကောင်းဆုံးအချိန်ဖြစ်တဲ့ အသက်၄၀ နဲ့ ၅၀ ကြား ၁၀ နှစ်တာမှာ ၂နှစ်ခွဲ ( ၃.၂.၂၀၂၁ မှသည် ၂၉.၆.၂၀၂၃) က စာမေးပွဲပေါင်းများစွာပါဝင်တဲ့ ဘဝသင်တန်းတစ်ခုပြီးတစ်ခုတက် ခိုင်းခဲ့တယ် ……
• ကျနော်ကတော့ဖြေဆိုခဲ့ရတဲ့ဘဝစာမေးပွဲပေါင်းများစွာကိုတော့ အကောင်းဆုံးကြိုးစားအားထုတ်ခဲ့ပါတယ်၊ စာမေးပွဲတွေရဲ့ထုံးစံအတိုင်း ရလဒ်ကတော့ ဖြေဆိုသူနဲ့ သိပ်ဆိုင်ပုံမပေါ်ပါဘူး၊ စာစစ်သူများနဲ့ အကဲဖြတ်အဖွဲ့များရဲ့အမြင် တွေနဲ့သာဆိုင်ခဲ့ပါတယ် …..
• အခုတော့ ကျွန်တော် အသက် ၅၀ ပြည့်ခဲ့ပြီ၊ ရှေ့ဆက်တဲ့အသက် ၅၀ နဲ့ ၆၀ ကြား ၁၀ နှစ်ကတော့ အိုဖို့ပဲကျန်ပါတော့တယ်…..ကံဇာတ်ဆရာရေ……
• အဲ့ဒါကြောင့်ကံဇာတ်ဆရာအနေနဲ့….. ဘဝပန်းလာပြီဖြစ်တဲ့ကျနော့်ကို… ဒီလောက်နဲ့ပဲကျေနပ်ပါတော့လို့……..” ဟု မောင်ဝိတ်က ရေးသားထားသည်။
အကြမ်းဖက်စစ်ကောင်စီက လူထုခေါင်းဆောင်နှင့်နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့်ဒေါ်လာ ငွေများ လက်ခံသည် ဟုဆိုကာ လာဘ်ပေးလာဘ်ယူမှု အပါအဝင် အမှုပေါင်းမြောက်မြားစွာဖြင့် ထောင်ဒဏ်များချမှတ်၍ မတရား အာဏာသိမ်း ဖမ်းဆီးထားခြင်းဖြစ်သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့်ဒေါ်လာများ ပေးခဲ့ရ သည် ဟု စစ်ကောင်စီအလိုကျ ထွက်ဆိုခဲ့သော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဟောင်း ဖြိုးမင်းသိန်းနှင့် ပတ်သက်၍မူ သတင်းတစ်စုံတစ်ရာ မကြားရသေးပေ။