ကော့ကရိတ်မြို့တွင်းရှိ စစ်တပ်တပ်ရင်းများထံ လာရောက်နိုင်သော လမ်းများအားလုံးကို စစ်ကောင်စီတပ်များက ဖျက်ဆီး ဖြတ်တောက်
ရန်ကုန်၊ ဇူလိုင် ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းတွင် မြို့ပေါ် စစ်တပ်တပ်ရင်း တပ် ဖွဲ့ များထံသို့ လာရောက်နိုင်သော ရွာချင်းဆက် လမ်းများကို စစ်ကောင်စီ တပ်များက လိုက်လံ ဖျက်ဆီး ဖြတ်တောက်လျက်ရှိကြောင်း ဒေသပြည်သူ များ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၉ ရက်နေ့နှင့် ဇွန်လ ၃၀ ရက်နေ့တို့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြောက်ပိုင်းရှိ၊ ကမ်မရာရွာနှင့် ကော့ကရိတ်မြို့တို့ကို ဆက်သွယ်ထားသော ရွာချင်းဆက် လမ်းများကို စစ်ကောင်စီတပ်များကလာရောက် ဖျက်ဆီး ဖြတ်တောက်သွားကြောင်း သိရှိရသည်။
“မြေကော်စက်တွေနဲ့ လမ်းတွေကို ဖျက်တာ။ လမ်းကတော့ ရွာချင်း ဆက်လမ်းလို့ပြောရမယ်။ ဆိုင်ကယ်၊ ကား သွားလို့ရတဲ့ လမ်းကို မြောင်းကြီး တွေ တူးပြီး ဖြတ်တောက်ပစ်တာ။ အဲဒီလမ်းတွေက ကော့ကရိတ်မြို့ပေါ်ကို စျေးဝယ်ဘာဝယ် သွားကြတဲ့လမ်း။ အခုတော့ စစ်တပ်က စပြီး လိုက်ဖျက် နေပြီ” ဟု ကော့ကရိတ်မြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကော့ကရိတ်မြို့ပေါ်သို့ လမ်းများကို စစ်တပ်က ဖျက်ဆီးဖြတ်တောက်ရာတွင် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေသော KNU/KNLA PC ကိုအသိပေးပြီးမှ စစ်ကောင်စီတပ်က ဖျက်ဆီးခြင်းဖြစ်သည်ဟု သတင်းများ ထွက် ပေါ်လျက်ရှိကြောင်း၊ သို့ရာတွင် KNU/KNLA PCဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က ဖျက်ဆီးထားသော ရွာချင်းဆက်လမ်းများ။