24 C
Yangon

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM)နှင့်ဆက်စပ် ဆိုက်ဘာလုံခြုံရေး အစည်းအဝေးမှာ မြန်မာစစ်အုပ်စု တက်ရောက်ခဲ့

Must read

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM)နှင့်ဆက်စပ် ဆိုက်ဘာလုံခြုံရေး အစည်းအဝေးမှာ မြန်မာစစ်အုပ်စု တက်ရောက်ခဲ့

ရန်ကုန်၊ ဇူလိုင် ၇

မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆိုက်ဘာလုံခြုံရေး အစည်းအဝေးမှာ အကြမ်းဖက် မြန်မာစစ်အုပ်စုက ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ADMM နဲ့ဆက်စပ် အဆိုပါ ဆိုက်ဘာလုံခြုံရေး အစည်းအဝေး အပါအဝင် မြန်မာစစ်အုပ်စုနဲ့ ပူပေါင်းဆောင်ရွက်နေတာ တွေကြောင့် အာဆီယံဟာ တရားမဝင် အကြမ်းဖက် မြန်မာစစ်အုပ်စုရဲ့ စစ်ရေးစွမ်းရည်တွေကို ပိုမိုတိုးတက်စေဖို့ ကူညီပေးရာ ရောက်နေတယ်လို့ Justice for Myanmar (JFM) အဖွဲ့ က ဝေဖန်ပြောဆိုလိုက်ပါတယ်။

ယခုရက်သတ္တပတ်အတွင်း ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM Plus) ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်တဲ့ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို မလေးရှားစစ်တပ်ရဲ့ ဆိုက်ဘာနဲ့ လျှပ်စစ်သံလိုက်ဌာနခွဲ ညွှန်ကြားရေးမှူးချုပ်က တောင်ကိုရီးယားနိုင်ငံနဲ့အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ၄င်းရဲ့ ကာကွယ်ရေး မိတ်ဖက်နိုင်ငံတွေ ဖြစ်တဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊အမေရိကန်တို့ ပါဝင်တက်ရောက်ခဲ့တဲ့ အဆိုပါ အစည်းအဝေးကို မြန်မာစစ်အုပ်စု ကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ပြီး၊ ဆိုရှယ်မီဒီယာမှာ ဖော်ပြနေတဲ့ ဓတ်ပုံများအရ အစည်းအဝေး တက်ရောက်ခဲ့တဲ့ မြန်မာစစ်အုပ်စု ကိုယ်စားလှယ်တွေထဲက တစ်ယောက်ဟာ အကြမ်းဖက်စစ်အုပ်စု ယူနီဖောင်းကို ၀တ်ဆင်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် မြန်မာစစ်အုပ်စုဟာ စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး(ADMM)၊ ဆိုက်ဘာလုံခြုံရေးနဲ့ သတင်းအချက်အလက် စင်တာ (ACICE) မှာလည်း တစိတ်တပိုင်း ပါဝင်နေပါတယ်။

စစ်ထောက်လှမ်းရေးတပ်ကို ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး (စရခ) က ဒုတိယဗိုလ်မှူးကြီးတွေဖြစ်တဲ့ သန့်ဇင်အောင်နဲ့ နိုင်လင်းအောင် တို့ဟာ အဆိုပါ ဆိုက်ဘာလုံခြုံရေးနဲ့ သတင်းအချက်အလက် စင်တာ(ACICE) ရဲ့ အကြံပေးဘုတ်အဖွဲ့မှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောရေးစခန်းတွေကို ချုပ်ကိုင်လည်ပတ်နေပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေအပေါ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့ ရာဇဝတ်ဌာန ဖြစ်တယ်လို့ JFM ကဆိုပါတယ်။

မြန်မာအကြမ်းဖက် စစ်အုပ်စုဟာ ဒစ်ဂျစ်တယ် အာဏာရှင်စနစ်ကို တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေပြီး၊ အာဆီယံရဲ့ ဆိုက်ဘာလုံခြုံရေး လုပ်ငန်းအဖွဲ့နဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ သတင်းအချက်အလက် စင်တာ (ACICE) တွေမှာလည်း မြန်မာစစ်တပ် ပါဝင်နေတာတွေကြောင့် ၄င်း(စစ်တပ်)ရဲ့ ဆိုက်ဘာထိန်းချုပ်ရေး စွမ်းဆောင်ရည်တွေကို အာဆီယံက မြှင့်တင်ကူညီပေးရာ ရောက်နေတယ်လိ့ JFM ကဆိုတာပါ။

ဒီလို အာဆီယံအနေနဲ့ မြန်မာစစ်တပ်ကို စွမ်းရည်မြှင့်တင်ပေးနေခြင်းဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မြန်မာပြည်သူလူထုကို တရားဝင် ကိုယ်စားပြုထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ရဲ့ သဘောထား ရပ်တည်ချက်ကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံ အကျပ်အတည်းမှာ ဝင်ရောက်စွက်ဖက်နေခြင်း သက်သက်သာ ဖြစ်စေတယ်လို့လည်း JFM ကဝေဖန်ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ နိုင်ငံတကာဥပဒေအရ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ မြန်မာစစ်အုပ်စုအပေါ် အားပေး ထောက်ခံနေမှုတွေအတွက် အာဆီယံနဲ့ ၄င်းရဲ့ ဆွေးနွေးဖက်နိုင်ငံတွေကို Justice For Myanmar က ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

အာဆီယံရဲ့ အမျိုးမျိုးသော ပလက်ဖောင်းတွေကနေပြီး မြန်မာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံနေတာ၊ အဆိုပါ ပလက်ဖောင်းတွေကနေပြီး မြန်မာစစ်တပ်ကို လေ့ကျင့်ပေးနေတာတွေဟာ စစ်တပ်ရဲ့ ကိုယ့်ပြည်သူတွေအပေါ် ပြန်လည်ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အားပေးထောက်ပံ့ရာ ရောက်နေတာကြောင့် အာဆီယံအနေနဲ့ အကြမ်းဖက် မြန်မာစစ်အုပ်စုကို ၄င်းရဲ့ အစည်းအဝေးတွေ၊ လှုပ်ရှားမှုတွေ အားလုံးမှာ မပါဝင်နိုင်အောင် တားမြစ်ပိတ်ပင်ဖို့ တောင်းဆိုတယ်လို့လည်း Justice for Myanmar အဖွဲ့က ထုတ်ဖော် ပြောဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article