27 C
Yangon

စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါသည်ဟု သတင်းရရှိထားသော ယာဉ်တန်းကို ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်၊ စစ်ယာဉ်တန်းမှ ကား ၂ စီး ပျက်စီးပြီး ထိခိုက်မှုများရှိ

Must read

စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါသည်ဟု သတင်းရရှိထားသော ယာဉ်တန်းကို ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်၊ စစ်ယာဉ်တန်းမှ ကား ၂ စီး ပျက်စီးပြီး ထိခိုက်မှုများရှိ

ရန်ကုန်၊ ဇူလိုင် ၇

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါသည်ဟု သတင်းရရှိထားသော ယာဉ်တန်းကို ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ် ၂ စီးပျက်စီးပြီး စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်မှုများရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲရေးရုံး၊ တောင်ပိုင်းစစ်ဒေသမှ တာဝန်ရှိ သူ ဦးတင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၉ မိုင် ၄ ဖာလုံတွင် စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါသည်ဟု သတင်းရရှိထားသော ယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“နေပြည်တော်က စစ်ထောက်ချုပ် လိုက်ပါလာမယ်လာတဲ့ ယာဉ်တန်းကို သတင်းရလို့ ဒီနေ့မနက် ၉:၁၅မှာ အမြန်လမ်း မိုင်တိုင်၁၆၉မိုင် ၄ဖာလုံမှာ တောင်ငူခရိုင်PDF တပ်ရင်း ၃၅၀၁ အထူးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ ပစ်ခက်တိုက်ခိုက်ခဲ့ပါတယ်။ ယာဉ် ၂ စီး လုံးဝ ပျက်ဆီးသွားပြီး ထိခိုက်မှုရှိပါတယ်ကျနော်တို့ရတဲ့ သတင်းက စစ်ထောက်ချုပ် လမ်းကြောင်းရှိတယ်ဆိုတဲ့ သတင်းအရ ဆောင်ရွက်တာပါ။ ဘယ်သူ တွေထိခိုက်တယ် ဘယ်လောက်ထိခိုက်တယ်လို့တော့ အတည်ပြုလို့ မရသေးပါဘူး။ ယာဉ်တန်းက ကား၁၀စီးလောက်ပါပါတယ်။ ကျနော်တို့ရတဲ့ သတင်းက စစ်ထောက်ချုပ် လမ်းကြောင်းရှိတယ်ဆိုတဲ့ သတင်းအရ ဆောင်ရွက်တာပါ။ ယာဉ်တန်းပါ ကား၂စီး ပျက်စီးသွားပါတယ်။ လုံးဝမောင်းမရတော့လို့ ပြန်ဆွဲသွားပါတယ်။ ဒေသခံသတင်းကလည်း ယာဉ်တန်းမှာ စစ်တပ်က အကြီးပိုင်းတယောက်ပါတယ်လို့ ပြောပါတယ်။ အဲဒီနေရာ ကို လခရ တင်းကျပ်လိုက်တော့ ဘယ်သူထိတယ် ဘယ်လောက်ဖြစ်တယ်ဆိုတာ အတည်ပြုဖို့ ခက်နေပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲရေးရုံး၊ တောင်းပိုင်းစစ်ဒေသမှ တာဝန်ရှိ သူ ဦးတင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်ကို တန်ပြန် ထိုးစစ်ဆင်ရန် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် လမ်းဟောင်း၊ ပဲခူး-စစ်တောင်းလမ်း၊ ရန်ကုန်-မုတ္တမလမ်း၊ ရန်ကုန်-ဘားအံလမ်းပိုင်းတို့တွင် နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုလုပ်ရန် PDF တပ်ဖွဲ့က ဇူလိုင်လ ၁ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် ၂ စစ်ဒေသခွဲအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ရန် နှင့် စစ်ရေး အရှိန်အဟုန်မြှင့်တင်ရန် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းတို့ကို နေ့စဉ် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုလုပ်ရန် ၊ သတ်မှတ်လမ်းပိုင်း များအတွင်း နေ့အချိန် သွားလာရာတွင် မော်တော်ယာဉ်များကို မှန်ချ၍ မောင်းနှင်ရန်နှင့် တာဝန်အရ စစ်ဆေးခြင်းများကို ကြည်ဖြူစွာ လက်ခံရန်၊ ထုတ်ပြန်ချက်များကို လိုက်နာရန် ပျက်ကွက်ပါက ဖြစ်လာမည့် အကျိုးဆက်များကို စစ်ဒေသခွဲ ၂ က တာဝန်ယူမည်မဟုတ်ကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။

“အခုလိုကြေညာချက်ထုတ်ရတာက ကျနော်တို့က ပြည်သူ့တပ်မတော်ဖြစ်တဲ့အတွက် စစ်ဆင်ရေးမှာ ပြည်သူထိခိုက်မှုနည်းအောင် အခုလို ကြေညာချက်ထုတ်ရတာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်း၊ သူတို့အနီးအနား၊ သူတို့ယာဉ်တန်းတွေမှာ နီးနီးကပ်ကပ်မနေဖို့ လည်း မေတ္တာရပ်ခံလိုတယ်။ အိမ်စီးကားတွေ ပြည်သူတွေရဲ့ကားတွေနဲ့ စစ်ကောင်စီကို သယ်ဆောင်တာ တွေ၊ အကြမ်းဖက် စစ်တပ်ရဲ့ ပစ္စည်းတွေ လက်နက်ခဲယမ်းတွေ သယ်ဆောင်တာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲရေးရုံး၊ တောင်းပိုင်းစစ်ဒေသမှ တာဝန်ရှိ သူ ဦးတင်ဦးက ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

ဓာတ်ပုံ- ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို အလယ်ပိုင်းတိုင်းမှူးအဖြစ် ဗိုလ်ချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့စဉ်က မြင်တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article