27 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ၈၁ ကီလိုမီတာပြေးခြင်း၊ ခြေလှမ်း ၈၁၀၀၀ လျှောက်ခြင်းနှင့် ၈၁ မိုင် စက်ဘီးစီးခြင်း လှုပ်ရှားမှုများတွင် ပါဝင်ကြရန် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် တိုက်တွန်း

Must read

ရန်ကုန်၊ မေ ၂၈

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သူမ သက်ရှိထင်ရှား ရှိ၊ မရှိ သက်သေပြရန် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်တောင်းဆိုမှုအဖြစ် ၈၁ ကီလို မီတာ ပြေးခြင်း၊ ခြေလှမ်း ၈၁,၀၀၀ လျှောက်ခြင်းနှင့် ၈၁ မိုင် စက်ဘီးစီးခြင်း စသည့် လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ပေးကြပါရန် သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ် (Kim Aris) က ယနေ့ တိုက်တွန်းပန်ကြားလိုက်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုကို လာမည့် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်လိုသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားမှု စိန်ခေါ်မှုများဖြင့်သော်လည်းကောင်း၊ မိမိတို့အတွက် အဓိပ္ပာယ်ရှိမည့် အခြားနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း ပူးပေါင်းပါဝင်နိုင်ကြောင်း နှိုးဆော်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ခြေလှမ်းပေါင်း ၈၁,၀၀၀ ပြည့်အောင် လျှောက်ခြင်း၊ ကီလိုမီတာ ၈၁ အကွာအဝေးအထိ ပြေးခြင်း၊ မိုင်ပေါင်း ၈၁ မိုင်အထိ စက်ဘီးစီးခြင်းတို့တွင် မိမိကြိုက်နှစ်သက်ရာ ပါဝင်နိုင်ကြောင်း သိရှိရသည်။

စစ်အာဏာရှင်က ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ထိန်းသိမ်းထားရာ လူမသိသည့် နေရာတစ်ခုမှ အခြားလျှို့ ဝှက်နေရာတစ်ခုသို့ ထပ်မံရွှေ့ပြောင်းလိုက်ကြောင်း ပြောဆိုနေကြသော်လည်း ယင်းမှာ လွတ်လပ်ခွင့်ရရှိခြင်း မဟုတ်ကြောင်း သားဖြစ်သူက ထောက်ပြထားသည်။

စစ်တပ်က အာဏာသိမ်းယူခဲ့သည်မှာ ၅ နှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ လွတ်လပ်သောအဖွဲ့အစည်း များက အတည်ပြုထားသည့် သက်သေအထောက်အထားတစ်စုံတစ်ရာကို ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင် ယနေ့တိုင် သိခွင့်မရသေးကြောင်း သားဖြစ်သူက ဆိုသည်။

“သူမအတွက် လွတ်လပ်မှု၊ အားလုံးအတွက် လွတ်လပ်မှု” ဟူသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည့် ယခု မွေး နေ့အထိမ်းအမှတ် ကိုယ်လက်လှုပ်ရှားမှု စိန်ခေါ်ချက်တွင် မိမိတို့ တတ်နိုင်သည့် ကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင်ကြရန် ကင်မ်အဲရစ်က ကမ္ဘာ့ပြည်သူများကို ဖိတ်ခေါ်ထားသည်။

အကြမ်းဖက်စစ်တပ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက မတရား ဖမ်းဆီးထားကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article