ရန်ကုန်၊ မတ် ၁၁
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ မူးသားကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင် စီ တပ် မိုင်းဆွဲခံရပြီး ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံးကြောင်း ရေဦးPDF က သတင်းထုတ်ပြန်သည်။
မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်၊ မူးသာကျေးရွာမှ မူးမြစ်အနောက်ဘက် ရေဦးမြို့နယ်၊ ပိဋကတ်ကျ ကျေးရွာဘက်သို့ စစ် ကြောင်း ထိုးလာသော စစ်တပ်ကို ရေဦးPDF၊ ပကဖ ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံးကြောင်း၊ ရဟတ် ယာဉ်ဖြင့် အလောင်းလာသယ်သွားကြောင်း သိရှိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ နံနက်ပိုင်း ခင်ဦးမြို့နယ် မူးသာကျေးရွာသို့ ဝင်ရောက်စီးနင်းကာ မူးသာကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲကာ ပြည်သူများနေအိမ်ကို ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း၊ အကြမ်း ဖက် စစ်ကောင်စီဝင်များကို နယ်မြေခံများက မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှု စာရင်းအတိအကျကို မသိရှိရသေးကြောင်း ဒေသခံများက ရန်ကုန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“မနေ့ညကတွဲကားတွေနဲ့ အင်အားတွေ ထပ်ဖြည့်သွားတယ်။ ရွာထဲမှာ အင်အား စုစုပေါင်း ၂၆၀ ကျော်လောက် ရှိတယ်။ မနေ့က မူးသာ တောင်ဘက် မူးကျင်းထဲအဆင်းမှာ နယ်မြေခံတွေက မိုင်း ၂ လုံးဆွဲလိုက်တယ်။ သူတို့က လက်နက် ကြီး တွေနဲ့ ဆက်တိုက်ထုတယ်။ ၁၅ မိနစ်လောက်ထိ အပြန် အလှန် ပစ်ပြီး နယ်မြေခံက အင်အားမမျှတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
လက်ရှိအချိန်တွင် ကျေးရွာအတွင်း ပိတ်မိနေသူ သက်ကြီးရွယ်အို ၆၀ ဝန်းကျင်လောက်ရှိကြောင်း ၊ ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ယနေ့ မနက်ပိုင်းတွင်လည်း နယ်မြေခံ တော်လှန်ရေးရဲဘော်တစ်ဦး၏ နေအိမ်ကို ဖျက်ဆီးနေသည်ဟု ကြားသိရကြောင်း ဒေသခံများ ထံမှ သိရှိရသည်။
ဓာတ်ပုံ-အကြမ်းဖက် စစ်ကောင်စီတပ်သားများ။