ရန်ကုန်၊ မတ် ၁၁
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်းခွဲခံရပြီး မင်္ဂလာဒုံမြို့နယ်ရှိ ဓာတ်အားခွဲရုံးတစ်ခုလည်း ဗုံးခွဲခံရကြောင်း ဒေသခံများက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကော့မှူးမြိုနယ်၊ ကျိုက်ထော်ပျဉ်းကတိုးအုပ်စု၊ အိုးဘိုကျေး ရွာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်တွင် မိုင်းပေါက်ကွဲကြောင်း၊ ပေါက်ကွဲမှုကြောင့် လူ ၁ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ Mytel တာဝါတိုင်လည်း ထိခိုက်မှုရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အလားတူ မတ်လ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန် မင်္ဂလာဒုံမြိုနယ်၊ ဈေးရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ နိုင်ငံရေးကားမှတ်တိုင် အနီးရှိ ၁၄ မိုင်ဓါတ်အားခွဲရုံကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ကြောင်း၊ပေါက်ကွဲမှုအပြီးတွင် စစ်တပ်က လမ်းများပိတ်ဆို့၍ ရှာဖွေမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။
အလားတူ သာကေတမြို့နယ်တွင် မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ ဒဂုံဆိပ်ကမ်းတွင်လည်း မွန်းလွဲ ၂ နာရီတွင်လည်းကောင်း ဗုံးများ ဆက်တိုက်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။
ထို့ပြင် ယနေ့ ညနေ ၄ နာရီဝန်းကျင် လှိုင်သာယာမြိုနယ်၊ ရန်ကုန် – ပုသိမ်လမ်းပေါ် ၊ ရဲတပ်ရင်း (၉)အနီး၊ YBS ယာဉ်ရပ်နားစခန်းဂိတ်ဝတွင် စစ်တပ် ဒေါက်တိုင် အေးနေဝင်းပိုင်ဆိုင်သော OMNI FOCUS YBS 20 ယာဉ်တစ်စီးတွင် ခရီးသည်များမရှိချိန် ဗုံးပေါက်ကွဲကြောင်း လှိုင်သာယာသတင်းရင်းမြစ် HTY Information၏ သတင်းဖော်ပြချက်နှင့် တော်လှန်ရေးရဲဘော်တစ်ဦး၏ သတင်းပေးပို့မှုအရ သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီဒေါက်တိုင် နေဝင်းမိသားစုပိုင် Omni Focus YBS 20 ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များက စစ်ဆေးနေစဉ်။