25 C
Yangon

စစ်တပ် ဝါဒဖြန့်ချိရေး တံလျှပ်နောက်ကို မလိုက်ပဲ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ ရှေ့ခရီးကို တစိုက်မတ်မတ် ချီတက်ဆဲ “မြန်မာ့နွေဦးတော်လှန်ရေး”

Must read

စစ်တပ် ဝါဒဖြန့်ချိရေး တံလျှပ်နောက်ကို မလိုက်ပဲ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ ရှေ့ခရီးကို တစိုက်မတ်မတ် ချီတက်ဆဲ “မြန်မာ့နွေဦးတော်လှန်ရေး”

By လမ်းသစ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီကို မြန်မာပြည်သူတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝိုင်းဝန်းဆန့်ကျင်ကြတဲ့ နွေဦးတော်လှန်ရေးဟာ လမ်းပေါ်ထွက် ဆန္ဒပြကြရာကနေ လက်နက်ကိုင် တော်လှန်ကြတဲ့အဆင့်ထိ ရောက်ခဲ့ပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာနေပါတယ်။

အင်အားပြင်းထန်လာတဲ့ တော်လှန်ရေးကြီးကြောင့် အကြမ်းဖက် စစ်အုပ်စုလည်း ယိုင်နဲ့နဲ့ အခြေအနေကို ရောက်လာပါပြီ။ ဖက်ဆစ်စစ်တပ်ရဲ့ ယုတ်မာမှုတွေကို ကြိတ်မှိတ်ခံရင်း တဖြည်းဖြည်း လွတ်မြောက်မှု အလင်းစကို မြင်တွေ့လာရတဲ့အချိန်မှာ စစ်အုပ်စုက ရရာနည်းမျိုးစုံသုံးပြီး အာဏာကို ဖက်တွယ်ထားဖို့ ကြိုးစားနေပါတယ်။

ဒီရက်ပိုင်း မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအထိ လှုပ်ခတ်စေတဲ့ သတင်းတစ်ခုလည်း ပြန့်နှံ့နေခဲ့ပါတယ်။ အဲ့ဒါကတော့ ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

မကြာမှ ရက်ပိုင်းအတွင်း ရာထူးက ဆင်းပေးရတော့မယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဇူလိုင်လ ၉ရက်နေ့က နေပြည်တော်ကို ထိုင်းစစ်တပ်ရဲ့ အထူးလေယာဉ်နဲ့ တိတ်တဆိတ် ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သူက ထုတ်ဖော်ပြောခဲ့တာပါ။

ဒီလိုတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မြန်မာ ထိုင်း နှစ်ဘက်လုံးက သတင်းအမှောင် ချထားခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကိုရောက်မှ အချိန်ကိုက် ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချထားပြီး နောက်ပိုင်း ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲမှာ ကျန်းမာရဲ့လား ဆိုတာကိုသာ နားစွင့်ခဲ့ရပြီး နိုင်ငံရေးနဲ့ပတ်သက်လို့ သူမရဲ့သဘောထားအမြင်တွေကို ဘာတစ်ခုမှ သိခွင့်မရတော့ပါဘူး။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don ကတော့ သူ့ကို ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပါးလိုက်တယ်လို့ ပြောလာပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ၂နှစ်တာအတွင်း မြန်မာပြည်သူတွေ ခါးစည်းခံရတဲ့ဆုံးရှုံးမှုနဲ့ နိုင်ငံ့စီးပွားရေးအပေါ် စိုးရိမ်ကြောင်းနဲ့ လက်ရှိမြန်မာ့အရေး ဆွေးနွေးပြောဆိုမှုကို ထောက်ခံတယ်လို့ ပြောခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ခပ်တည်တည် ဆိုခဲ့တာပါ။

မြန်မာ့အရေး ဆွေးနွေးအဖြေရှာမှုဆိုတာ ဘယ်အဖွဲ့တွေနဲ့ ဘယ်အဖွဲ့တွေကြား ဆွေးနွေးမှုကို ရည်ညွှန်းသလဲဆိုတာကိုတော့ သူက ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး သတင်းစကား ပါးလိုက်ပါတယ်ဆိုတဲ့ ဖြစ်စဉ်ကို ဘယ်သူမှ တိတိကျကျ မသိနိုင်သလို၊ မင်းအောင်လှိုင်ရဲ့ မိတ်ဆွေရင်းကြီးဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ စကားတွေကိုလည်း အားလုံးက ယုံကြည်မှုမရှိဘဲ ဖြစ်လို့နေပါတယ်။

ဒါဟာ အင်တိုက်အားတိုက် မောင်းနှင်နေတဲ့ နွေဦးတော်လှန်ရေးကို အရှိန်လျော့သွားအောင် တမင်လုပ်ဆောင်တယ်လို့လည်း အများစုက သုံးသပ်ကြပါတယ်။

ဒီဖြစ်စဉ်ကို မယုံကြည်နိုင်လောက်တဲ့ အကြောင်းပြချက်တွေကလည်း ရှိနေပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don ဟာ မြန်မာစစ်တပ်နဲ့ ပနံသင့်နေသူဖြစ်ပြီး စစ်အုပ်စု အခြေစိုက်ရာ နေပြည်တော်ကို တိုးတိုးတိတ်တိတ် မကြာခဏ လာရောက်လေ့ရှိသူ ဖြစ်ပါတယ်။

ထိုင်းအာဏာသိမ်းခေါင်းဆောင် ပရာရွတ် ရဲ့ လူရင်းဖြစ်တဲ့ Don ဟာ သူ့နိုင်ငံမှာတောင် နံမည်ဆိုး ရှိသူတဦးပါ။ ဒီလိုလူက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ပြီး အလွတ်သဘော ဆွေးနွေးပွဲတွေ စီစဉ်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရသူပါ။

စစ်ကောင်စီနဲ့ အာဆီယံ အပြည့်အဝ ပြန်လည်ဆက်ဆံရေးကို အားသာနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don ဟာ စစ်ကောင်စီကို ဖိတ်ခေါ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲ ၃ကြိမ် စီစဉ်ခဲ့ပေမယ့် နိုင်ငံခြားရေးဝန်ကြီး တချို့သာ တက်ရောက်ခဲ့ပြီး အာဆီယံ ဦးဆောင်နိုင်ငံတွေက လျစ်လျူရှုခဲ့ကြပါတယ်။

ထိုင်းကတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို သူတို့အနေနဲ့ မဖောက်ဖျက်သလို စီစဉ်ခဲ့တဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေဟာ မြန်မာ့အရေးဖြေရှင်းဖို့ အစားထိုးအဖြေ တစ်ခုဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။

တချို့ကလည်း မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ သူတို့နဲ့ ဖက်လဲတကင်းရှိတဲ့ ထိုင်းကိုအသုံးချပြီး နိုင်ငံရေးထွက်ပေါက် ရှာဖွေနေတာလို့ သုံးသပ်ကြပါတယ်။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ အရေးကြီးပုဂ္ဂိုလ် အတော်များများရဲ့ တောင်းဆိုမှုတွေကို ပယ်ချထားခဲ့တာပါ။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ၊ တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်း၊ ကုလအထွေထွေ အတွင်းရေးမှူးဟောင်း ဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်တွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ သံတမန်အကြီးအကဲတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးခဲ့ပါဘူး။

ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်မှုဟာ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားရဲ့ မြန်မာ့အရေးကြိုးပမ်းမှုကို ကျော်လွန်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အာဆီယံကိုကျော်လွန်ပြီး စစ်ကောင်စီနဲ့ အလွတ်သဘော ဆွေးနွေးပွဲ ၃ကြိမ် စီစဉ်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ မိတ်ဆွေကြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှားရှားပါးပါး တွေ့ဆုံခွင့်ကို ရသွားတယ်လို့ ဆိုပေမယ့်၊ ဒါဟာ သူ့ရဲ့ ပြောဆိုချက်သက်သက်သာဖြစ်ပြီး တကယ်ဟုတ်မဟုတ် အတည်ပြုလို့ မရသေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောထားပါတယ်။

“အခုဒီသတင်းကို ပြည်သူတွေကလည်း မယုံပါဘူး။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပါတယ်။ သူက ဒီလိုပြောခဲ့ပါတယ် ဆိုတာတွေကို လျှောက်ပြောနေမယ့်အစား မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ကို တောင်းဆိုသင့်ပါတယ်” လို့ ဆိုပါတယ်။

NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကလည်း ဒါဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ကောက်ကျစ်တဲ့ အကြံအစည်တစ်ခုသာ ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

“Don က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီမှ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့သွားပြီးတွေ့ရတာလဲ။ အဲဒီအချက်ကိုလည်း စဉ်းစားစရာရှိပါတယ်။ တကယ်တမ်း တွေ့ခွင့်ရှိသူဟာ အာဆီယံ လက်ရှိဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံပေါ့။ Don ကို ပေးတွေ့တယ်ဆိုတာကလည်း တော်တော်လေး သံသယရှိစရာဖြစ်ပါတယ်”

စစ်ကောင်စီရဲ့ အရိုးကိုက် လော်ဘီတွေကတော့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို အသိအမှတ်မပြုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့တယ်ဆိုပြီး သတင်းမှား ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

တချို့သတင်းဌာနတွေရဲ့ စုံစမ်းသိရှိမှုကျတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော် အချုပ်ထောင်ကို ၂ ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံမှု မပြုလုပ်ခဲ့တဲ့အတွက် စာရွက်စာတမ်းတချို့ကိုသာ ပေးအပ်ပြီး ပြန်သွားရတယ်လို့ ဖော်ပြထားပါတယ်။

ယုံကြည်ရတဲ့ တပ်တွင်းဖရဲသီး အရာရှိတဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျမ်းမာရေး စစ်ဆေးဖို့ ရှိတယ်လို့ဆိုကာ ထောင်တွင်း ဧည့်ဆောင်ကို ခေါ်ဆောင်သွားခဲ့ပြီး၊ အဲ့မှာ အသင့်စောင့်နေတဲ့ မင်းအောင်လှိုင်နဲ့ ပုလင်းတူဗူးဆို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မဆုံဆုံအောင် ကြိုတင်ကြံစီ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံရေး ကလိန်ချုံ တွေ့ဆုံစေမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ဘက်က နိုင်ငံရေးဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ဘာတခုမှ ပြောကြားခဲ့တာ မရှိခဲ့ဘူးလို့ အခိုင်အမာ ဆိုပါတယ်။

တကယ်သာ သူတို့နှစ်ဦး နိုင်ငံရေးအရ တွေ့ဆုံခဲ့မယ်ဆိုရင် အဲ့တွေ့ဆုံမှုက သတင်းဓာတ်ပုံတွေဟာ စစ်အုပ်စုအတွက် အကောင်းဆုံး ဝါဒဖြန့်ချီရေး ပုံရိပ်တွေဖြစ်ပါလိမ့်မယ်။ ဒါမျိုးတွေကိုလည်း မတွေ့ခဲ့ရပါဘူး။

လက်ရှိအချိန်မှာလည်း နွေဦးတော်လှန်ရေးဟာ စစ်အုပ်စုရဲ့ ကမ်းကုန်တဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် လူပုဂ္ဂိုလ် တဦးတယောက်ရဲ့ စကား အတက်အကျအပေါ် စဉ်းစားနေရတဲ့ ပုံရိပ်ထက် ကျော်လွန်သွားပြီဖြစ်ပြီး၊

ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ခြေမှုန်းပစ်ဖို့အတွက် စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်လို့နေပါပြီ။

စစ်အုပ်စုဘက်က ဘယ်လိုဘဲ ဝါဒမှိုင်းတွေ တိုက်ပါစေ၊ ပြည်သူအားလုံးပါဝင်တဲ့ နွေဦးတော်လှန်ရေးကြီးဟာ ဆက်လက်အားကောင်းနေဆဲပါ။ ဘယ်လိုလမ်းကြောင်းလွှဲမှုမျိုးကိုမှ ယောင်မှားပြီး လိုက်ပါသွားမှာ မဟုတ်ဘဲ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ဖယ်ရှားရေးလမ်းကြောင်းဆီ ဖြောင့်ဖြောင့်တန်းတန်းကြီး ဆက်လို့သွားနေတာပါ။

တနည်းအားဖြင့် မြန်မာ့နွေဦးဟာ ဝါဒဖြန့်ချီရေး တံလျှပ်နောက်ကို မလိုက်ပဲ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ ရှေ့ခရီးကို တစိုက်မတ်မတ်မတ် ချီတက်နေဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

- Advertisement -spot_img

More articles

1 COMMENT

  1. သိပ်ပြီးတော့ ကျေးဇူးတင်မိပါတယ် ခေတ်သစ် ရေ

    မြန်မာ့တော်လှန်ရေးကြီးအတွက် အားအကောင်းဆုံ
    နဲ့ရှေ့ဆုံးတန်းကနေ မောင်းနှင်ပေးနေပြီး နိုင်ငံတော်
    ကိုသစ္စာစောင့်သိစွာနဲ့ ပြည်သူတွေအပေါ်စေတနာမှန်
    တဲ့သတင်းမှန်တွေချည်းသာ ကြိုးစားကာတင်ဆက်
    ပေးနေလို့ အရမ်းလေးစားမိတဲ့စိတ်နဲ့ ဂုဏ်ပြုချီးကျူး
    လိုက်ရပါတယ်
    ဆက်လက်ပြီးအောင်မြင်စေဖို့ကိုလည်းဆုတောင်းပေး
    လိုက်ပါတယ်။ ။

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article