မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ အများပြည်သူအဆောက်အအုံများကို ဖျက်ဆီးမှု အပါအဝင် အကြမ်းဖက်မှုများကို အာဆီယံက ထပ်မံ ရှုတ်ချပြန်
ရန်ကုန်၊ ဇူလိုင် ၁၄
မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ အများပြည်သူအဆောက်အအုံများကို ဖျက်ဆီးမှု အပါအဝင် အကြမ်းဖက်မှုများကို အာဆီယံက ရှုတ်ချကြောင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ကြေညာချက်ထုတ်ပြန်သည်။
“လေကြောင်းတိုက်ခိုက်မှု၊ အမြောက်ကျည်နဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို ဖျက်ဆီးမှုအပါအဝင် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကြေညာချက်သည် အချိန်နှောင့်နှေးကြန့်ကြာပြီးမှ ထွက်ရှိလာပြီး အာဆီယံနိုင်ငံများအကြား မြန်မာ့အရေးနှင့်ပတ်သက်၍ ထင်သာမြင်သာ သဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိနေကြောင်း သိရှိရသည်။
အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားက မြန်မာနိုင်ငံတွင် ပြင်းထန်နေသည့် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် စည်းလုံးညီညွတ်စွာ ရပ်တည်ကြရန် တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်ခေါင်းဆောင်များက အကြမ်းဖက်မှု ရပ်တန့်ရန်နှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု ရပ်တန့်ရန် တောင်းဆိုသည့် ငြိမ်းချမ်းရေး အစီအစဉ်ငါးရပ်ကို အကောင်အထည်ဖော်ရန် ငြင်းဆိုထားသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရန်၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများစတင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းထားသည်။