နမ့်ဆန်ယာန်ကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား၊ ရေစကြိုမြို့နယ်ရှိ ဖူလုံတပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၄
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ နမ့်ဆန်ယာန်ရွာကို စစ်ကူလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KIA တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၄၀ ဦးခန့် သေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်မှစ၍ ဗန်းမော်-ဒေါ့ဖုန်ယာန် မှ လိုင်ဇာမြို့အနီးရှိ နမ့်ဆန်ယာန်ရွာကို စစ်ကူပေးရန် ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်တပ်၏ ခလရ ၅၆ တပ်ရင်း၊ ခလရ ၇၇ တပ်ရင်းတို့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်မဟာ ၅၊အမှတ် ၂၄ တပ်ရင်း တပ်ဖွဲ့များက ခလားကုန်းဆင်းလမ်းထောင့် တစ်နေရာ၌ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄၀ ဦးခန့် သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်း၊ ရိက္ခာ အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဖူလုံတပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Middle Revolution Task Force (MRTF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ ဖူလုံတပ်အတွင်းကို Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Middle Revolution Task Force (MRTF) မှ ဦးဆောင်ပြီး သံမဏိ သိန်းဌက်အဖွဲ့၊ သံမဏိ လိပ်ပြာ၊ လျှပ်စီးပျောက်ကြား၊ Shwe Darr Boနှင့် Myaing Revolution Team (MRT) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်