ထားဝယ်မြို့နှင့် တစ်မိုင်ဝန်းကျင်အကွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့
ရန်ကုန်၊ ဇူလိုင် ၁၄
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရဲ့ မြစ်တစ်ဖက်ကမ်း တစ်မိုင်ဝန်းကျင်သာအကွာအဝေးရှိတဲ့ လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာတဝိုက်မှာ ဒီနေ့နေ့လယ်ပိုင်း နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ် လို့ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်ကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး ပေါက်ကွဲသံတွေလည်းအများအပြားထွက်ပေါ်နေတယ်လို့ သိရပါတယ်။
“ထားဝယ်မြို့ပေါ်ကအထိပါ ဟိန်းနေတာ။ ပေါက်ကွဲသံတွေလည်း ၆ ချက်လောက်လောက်ရှိပြီ။ လွန်ခဲ့တဲ့နာရီဝက်လောက်အထိကြားနေတုန်းပဲ” လို့ ထားဝယ်မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အခုလ ၁၂ ရက်နေ့ မနက်ပိုင်းကတည်းက နခံတောရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာထဲကတောင်ပေါ်မှာ အခြေချပြီးလက်နက်ကြီးတွေပစ်ခတ်နေတာပါ။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်အမျိုးသမီးငယ်တစ်ဦးလည်း ဗုံးစထိမှန်သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာနဲ့ လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် နခံတောရွာ၊ ခမောင်းတောင်ရွာနဲ့ တောင်မင်းပြောင်ရွာတွေက ဒေသခံတွေ နေအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)